Top News

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ အီတူးကို နိုင်ငံတကာပွဲများ တက်ရောက်ခွင့် ခြောက်လ FIFA ပိတ်ပင်
24htopnews | October 2, 2024 12:12 PM CST

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အီတူးကို နိုင်ငံတကာဘောလုံးပွဲများ တက်ရောက်ခွင့် ခြောက်လ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာနှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်သူ အီတူးသည် FIFA ၏ စည်းကမ်းပိုင်းဆိုင်ရာ အချက်အလက်နှစ်ခုကို ချိုးဖောက်ခဲ့သဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။ ယခုအရေးယူမှုဖြစ်စဉ်ကို FIFA က ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့သော်လည်း  စက်တင်ဘာ ၁၁ ရက်က ကိုလံဘီယာတွင် ကျင်းပခဲ့သည့် ကင်မရွန်း-ဘရာဇီးလ် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ် နှင့် ဆက်စပ်နေကြောင်း သိရသည်။ 

ယင်းပွဲ၌ ဘရာဇီးလ်အသင်း ချေပဂိုးရစေမည့် ပယ်နယ်တီပေးခဲ့ရမှုအပေါ် အီတူးဦးဆောင်သည့် ကင်မရွန်းအဖွဲ့က ကွင်းအတွင်း ဒေါသတကြီး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ FIFA ၏ထုတ်ပြန်ချက်တွင်မူ စော်ကားသည့်အပြုအမူ၊ Fair play စည်းမျဉ်းများကို ချိုးဖောက်မှု၊ ကစားသမားများနှင့် တာဝန်ရှိသူများအပေါ် လက်မခံနိုင်သည့် အပြုအမူများနှင့်တုံ့ပြန်မှု စသည့်အချက်များဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။ 

အီတူး (၄၃ နှစ်) သည် သက်တမ်းလိုက် လက်ရွေးစင်အသင်း ပွဲများအပါအဝင် ကင်မရွန်း အမျိုးသားနှင့် အမျိုးသမီးအသင်းများ၏ပွဲစဉ်များ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းလည်းဖြစ်သည်။ အီတူး၏ပြစ်ဒဏ်သည် စက်တင်ဘာ ၃၀ ရက်တွင် စတင်သက်ရောက်ခဲ့သည်။ 

အီတူးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကြောင့် ဒဏ်ငွေ ဒေါ်လာ နှစ်သိန်း တပ်ရိုက်ခံခဲ့ရသည်။


READ NEXT
Cancel OK