Top News

ဇမ်ဘီယာနိုင်ငံက ကာလဝမ်းရောဂါတိုက်ဖျက်ရေးစီမံကိန်းကို အရှိန်မြှင့်လုပ်ဆောင်
24htopnews | September 15, 2024 10:12 PM CST

ဇမ်ဘီယာနိုင်ငံတွင် ယခုနှစ်အတွင်း ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးအထိ မြင့်တက်နေချိန်တွင် ဇမ်ဘီယာအာဏာပိုင်များက ကာလဝမ်းရောဂါတိုက်ဖျက်ရေး စီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုများကို ပိုမိုအရှိန်မြင့်တက်စေခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗီယာမာဆီဘိုက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးနှင့် ရောဂါကူးစက်ခံရသူသစ် ၁၁၁ ဦးရှိခဲ့သည်ဟု ဆိုသည်။

ဇမ်ဘီယာတွင် အောက်တိုဘာလက ကာလဝမ်းရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့မှု အပါအဝင် ယခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၉၃ ဦးထက်မနည်းရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးဌာနက ပြောကြားခဲ့သည်။

“ကျွန်မတို့နိုင်ငံဟာ ကြီးမားတဲ့ ကျန်းမာရေး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု မာစီဘိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိ ရောဂါကူးစက်ခံရသူသစ် အရေအတွက်သည် ယခုနှစ်အတွင်း နေ့အလိုက် ရောဂါကူးစက်ခံရသူ အများဆုံးစံချိန်ဖြစ်ပြီး ကာလဝမ်းရောဂါသည် မသန့်ရှင်းသည့် ရေနှင့် အစားအစာများကို စားသောက်မှုမှတစ်ဆင့် အဓိကကူးစက်နေမှုအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

လက်ရှိဖြစ်ပွားသည့် ကာလဝမ်းရောဂါကူးစက်မှုတွင် သေဆုံးမှုနှုန်းသည် သုံးရာခိုင်နှုန်းဖြစ်ပြီး အလွန်စိုးရိမ်ရကြောင်း မာစီဘိုက ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးမှုနှုန်းသည် တစ်ရာခိုင်နှုန်း အောက်တွင်သာရှိသည်။

ကာလဝမ်းရောဂါဖြစ်ပွားမှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် ဒေသများသို့ ကလိုရင်းများ ပိုမိုဖြန့်ချိပေးသွားမည်ဟု သောက်သုံးရေးဝန်ကြီး မိုက်ပိုရှာက ပြောကြားခဲ့ပြီး မာစီဘိုကမူ နေအိမ်များတွင် တစ်ကိုယ်ရည်သန့်ရှင်းမှု စံနှုန်းများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

ဇမ်ဘီယာနိုင်ငံ၏ အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံတွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားရသည်။

ဇင်ဘာဘွေတွင် ဖေဖော်ဝါရီလကတည်းက ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၅၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုများ မြင့်တက်နေသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း WHO က ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၂၃၃၇၀ ဦးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၄၇၂၆၉၇ ဦးအထိ နှစ်ဆကျော်မြင့်တက်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင်မူ စက်တင်ဘာလအထိ ရရှိသည့်အချက်အလက်များအရ ကာလဝမ်းရောဂါဖြစ်ပွားသူ ၅၈၀၀၀ ကျော်ရှိခဲ့ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇမ်ဘီယာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး ထောင့်သန်းရော ဂါကူးစက်မှုများဖြစ်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။ ဇမ်ဘီယာတွင် ယခုနှစ်အစပိုင်းကတည်း ထောင့်သန်းရောဂါကူးစက်ခံရသည့် သံသယလူနာ ၇၀၀ နီးပါးရှိပြီး သေဆုံးသူ လေးဦးရှိခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။

ထောင့်သန်းရောဂါသည် Bacillus anthracis ဘက်တီးရီးယား ပိုးတစ်မျိုးမှ ကူးစက်ခြင်းဖြစ်ပြီး ထိုဘက်တီးရီးယားပိုးသည် မြေကြီးထဲတွင်သာရှိကာ မွေးမြူရေးခြံများတွင် အများဆုံး ကူးစက်ဖြစ်ပွားတတ်သည်။

လူသားများတွင် ကူးစက်ဖြစ်ပွားမှုသည် ဒေါင့်သန်းရောဂါရှိသည့် တိရစ္ဆာန်များနှင့် ထိတွေ့မိခြင်း၊ ပိုးကိုရှူရှိုက်မိခြင်း၊ ပိုးပါသည့် အသားကိုစားမိခြင်း သို့မဟုတ် အရေပြားအနာတစ်ခုမှ ပိုးဝင်ခြင်း အစရှိသည့်နည်း လမ်းများဖြင့် ကူးစက်နိုင်သည်။


READ NEXT
Cancel OK