Top News

အစ္စရေးက ဆီးရီးယားတောင်ပိုင်းရှိ ပင်မဆီးရီးယားလေကြောင်း ကာကွယ်ရေးအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရမီဒီယာ ဖော်ပြ
24htopnews | September 15, 2024 10:12 PM CST

အစ္စရေးသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဆီးရီးယားတောင်ပိုင်းရှိ ပင်မဆီးရီးယား လေကြောင်းကာကွယ်ရေးအခြေစိုက်စခန်းကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ကိုလုပ်ဆောင်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်နှင့်ဆီးရီးယားထောက်လှမ်းရေး သတင်းအရင်းအမြစ်များက ပြောကြားသည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဘက်မှလာခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်များသည်  နေရာအများအပြားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားစစ်တပ်၏သတင်း အရင်းအမြစ်ကိုကိုးကားပြီး ဆီးရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ပစ်မှတ်ထား တိုက်ခိုက်ခံရသည့်နေရာများကို ဖော်ပြခဲ့ခြင်းမရှိပေ။

“ကျွန်တော်တို့ရဲ့လေကြောင်းကာကွယ်ရေးဟာ(အစ္စရေး)ကျူးကျော်သူတွေရဲ့ဒုံးကျည်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒုံးကျည်အချို့ကို ပစ်ချခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ပဲရှိပါတယ်”ဟု ဆီးရီးယား စစ်ရေးသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အစ္စရေးသည် သန်းခေါင်ယံအချိန် ကျော်လွန်ခဲ့ပြီးနောက်မြို့တော်ဒမတ်စကတ်အနီးကို နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အစိုးရမီဒီယာက ဆီးရီးယားစစ်တပ် သတင်းအရင်းအမြစ်၏ပြောကြားမှုများကို ကိုးကားဖော်ပြခဲ့သည်ဆိုသော်လည်း အသေးစိတ်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

အဆိုပါသတင်း မှန်ကန်မှုရှိမရှိဆိုသည်ကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အစ္စရေးစစ်တပ်ဘက်မှလည်း ချက်ချင်းမှတ်ချက်ပေးခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်က အစ္စရေးအရပ်သားများနှင့်အစ္စရေးစစ်သားများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် ဆီးရီးယားနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များ  ကိုလည်းကောင်း၊ ဆီးရီးယားတပ်ဖွဲ့အချို့ကိုလည်းကောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ယခုတိုက်ခိုက်မှုများသည် ဆီးရီးယားအနောက်တောင်ပိုင်း စွေဒါးပြည်နယ်ရှိ ဆဲလ်အယ်ဆန်ဒေသ၌ အခြေစိုက်ထားသော ဆီးရီးယားလေကြောင်းကာကွယ်ရေး အခြေစိုက်စခန်းနှင့်ရေဒါစခန်းတို့ကို ပစ်မှတ်ထားခဲ့  သည်ဟု ယုံကြည်ရကြောင်း ဆီးရီးယားစစ်ထောက်လှမ်းရေးသတင်းအရင်းအမြစ်နှင့်  ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်တို့အရသိရသည်။

အစ္စရေးသည် ဆီးရီးယားတွင် အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သောဆီးရီးယားပြည်တွင်းစစ်၌ အီရန်က သမ္မတဘာရှာအယ်အာဆက်ကိုထောက်ခံခဲ့ပြီးကတည်းက ဆီးရီးယားတွင်အီရန်၏သြဇာသည် ကြီးထွားလာသည်။ ထို့ကြောင့်အစ္စရေးသည် ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်လျက်ရှိသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ဒမတ်စကတ်အပြင်ဘက်၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်တော် လှန်ရေးအစောင့်တပ်၏အကြီးတန်းအကြံပေး ဆေယက်ရာဇီမူ ဆာဗီသေဆုံးသွားသည်ဟု အီရန်အစိုးရက မီဒီယာက ဖော်ပြခဲ့သည်။

Ref: Reuters


READ NEXT
Cancel OK