Top News

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အောက်တိုဘာ ၅ ရက်အထိ  စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်
24htopnews | October 5, 2024 2:12 PM CST

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး ယင်းအရှိန်ကြောင့် အောက်တိုဘာ ၅ ရက်အထိ  စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၄ ရက် နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လျက်ရှိသည်။

ယင်းလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အောက်တိုဘာ ၅ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက သတိပေးထားသည်။


READ NEXT
Cancel OK