Top News

စွန်
24htopnews | September 15, 2024 8:12 PM CST

ကောင်းကင်မှာ ကြိုးပြတ်သွားတဲ့ စွန်လေးတစ်ကောင်။ လေရဲ့ သယ်ဆောင်ရာနောက်ကို နောက်ပါသွားပုံက နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့။ ကြိုးပြတ်သွားတဲ့ စွန်လေးကိုကြည့်ရင်း လမ်းပေါ်က ကလေးတစ်သိုက်ကတော့ ပြေးလိုက်နေကြတယ်။ စွန်လေးက လေရဲ့ သယ်ဆောင်ရာကို အသာတကြည် လိုက်ပါစီးမျောရင်း လောကကြီးကို မေ့နေပုံပဲ။ နှောင်ကြိုးကနေ လွတ်မြောက်သွားတဲ့ သူ့အတွက်တော့ လောက လွင်ပြင်ကျယ်ကြီးထဲမှာ ပြေးလွှားခုန်ပေါက် ဆော့ကစားနေတဲ့ နတ်မြင်းပျံပေါက်စလေးနဲ့ တူတယ်။ လွတ်လပ်ခြင်း အရသာကို နှောင်ကြိုးတွေ ဖြတ်တောက်ပြီးမှ ရတာကြောင့် သူ့အတွက်တော့ တန်ဖိုးကြီးမားတယ်လို့ ဆိုရမှာပါ။ လောကရဲ့ ပုံသေနည်းအရ ဘယ်အရာမဆို နှောင်ကြိုးတန်းလန်းနဲ့ ရှင်သန်နေရတာ မဟုတ်လား။ လေထဲမှာ လွင့်မျောနေတဲ့ စွန်လေးဟာလည်း ဘယ်အချိန်ကတည်းက လွတ်မြောက်မှုကို ဆာလောင်နေတယ်ဆိုတာ ဘယ်သူကများ သိနိုင်ပါ့မလဲ။ လွတ်မြောက်သွားချိန်မှာတော့ သူ့မှာ ဘာအနှောင်အဖွဲ့မှ မရှိတော့တဲ့အတွက် လွတ်လပ်တဲ့ခံစားမှုကို ကောင်းကောင်းကြီး ခံစားနေနိုင်တာ ဖြစ်တယ်။ ဒါကိုပဲ အောက်ကကြည့်နေတဲ့ လူတွေက ဒီစွန်လေးဟာ သစ်ပင် ဒါမှမဟုတ် ဓာတ်ကြိုးမှာ ပြန်ပြီး ငြိသွားနိုင်တယ်လို့ မှတ်ချက်ပြုကြတယ်။ တကယ်တော့ ဒါဟာ မသေချာ၊ မရေရာတဲ့ သုံးသပ်မှုတွေပါပဲ။ စွန်လေးအနေနဲ့ နောက်ဆုံးမှာ သူတို့ပြောသလို သစ်ပင် ဒါမှမဟုတ် ဓာတ်ကြိုးမှာ ငြိပြီး သူ့ဘဝ အဆုံးသတ်သွားတယ် ဆိုရင်တောင် လေထဲမှာ ခဏတာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရရှိခဲ့တဲ့ အချိန်ကာလတစ်ခုနဲ့ နှိုင်းယှဉ်ရင် တန်တယ်လို့ ဆိုရမှာပါ။ 

ဆိုင်ကနေ ဝယ်ယူပြီးနောက်ပိုင်း နဖားကြိုးတပ်ပြီး သခင်အလိုကျ နှောင်ကြိုးတန်းလန်းနဲ့  ကပြဖျော်ဖြေနေရတဲ့ ဘဝထက် ကောင်းကင်ရင်ခွင်ထဲမှာ ဘယ်ဆီရောက်မယ်မှန်း မသိဘဲ လွတ်လွတ်လပ်လပ် လွင့်မျောခွင့်ရတဲ့ ဘဝက သူ့အတွက် ပိုအဓိပ္ပာယ်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီလွတ်လပ်မှုအတွက် သူ့ရဲ့ နောက်ဆုံး အဆုံးသတ်ဟာ အများမျှော်လင့်ထားသလို သစ်ပင် ဒါမှမဟုတ် ဓာတ်ကြိုးမှာ ငြိခဲ့မယ်ဆိုရင်လည်း ဘာမှ ဝမ်းနည်းစရာ မရှိပါဘူး။ ဒီလိုမှမဟုတ်ဘဲ ချောင်းထဲဖြစ်ဖြစ်၊ မြစ်ထဲဖြစ်ဖြစ်၊ ပင်လယ်ထဲဖြစ်ဖြစ်၊ သမုဒ္ဒရာထဲဖြစ်ဖြစ် ကျရောက်ခဲ့ရင်တော့ စွန်လေးရဲ့ အဆုံးသတ်ဟာ ပိုပြီး အဓိပ္ပာယ်ရှိသွားမှာ ဖြစ်ပါတယ်။ စက္ကူစွန် ဖြစ်တဲ့အတွက် ရေနဲ့ထိတွေ့တဲ့အခါ သူ့ဘဝက အဆုံးသတ်သွားမှာ ဖြစ်ပေမဲ့ သေချာစဉ်းစားကြည့်ရင် သူ့ရဲ့ နောက်ဆုံးအချိန်မှာတောင် ချောင်းထဲ၊ မြစ်ထဲ၊ ပင်လယ်ထဲနဲ့ သမုဒ္ဒရာထဲမှာ အဆုံးသတ်ရမယ်ဆို သူဟာ အမြဲစီးဆင်းနေတဲ့ ရေမှာ သေဆုံးသွားခဲ့ရတာ မဟုတ်လား။ သစ်ပင် ဒါမှမဟုတ် ဓာတ်တိုင်ပေါ်မှာ သေဆုံးရတာထက် အမြဲစီးဆင်းနေတဲ့ရေမှာ သေဆုံးသွားရတာကို သူလည်း ကြိုက်နှစ်သက်မယ် ထင်ပါတယ်။

တကယ်တော့ ဟောဒီ လူ့လောကကြီးမှာ လူအဖြစ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့ဟာလည်း စွန်လေးတွေပါပဲ။ မွေးစကနေ သေဆုံးချိန်အထိ ဘယ်လိုနှောင်ကြိုးမျိုးနဲ့မှ မလွတ်မြောက်ခဲ့ပါဘူး။ မိသားစုနှောင်ကြိုး၊  မိတ်ဆွေအပေါင်းအသင်း နှောင်ကြိုး၊ သမီးရည်းစားနှောင်ကြိုး၊ လင်မယားနှောင်ကြိုး၊ သားသမီးနှောင်ကြိုး အဲဒီလိုနှောင်ကြိုးများစွာမှာ ကျွန်တော်တို့ဟာ တစ်ဘဝလုံး ပိတ်မိနေခဲ့ကြတယ်။

ငယ်စဉ်က မိဘမေတ္တာနှောင်ကြိုးနဲ့ လွှတ်တင်ခြင်းခံရတဲ့ စွန်လေးဟာ ကျွန်တော်တို့ ဖြစ်ပါတယ်။ မိဘမေတ္တာနှောင်ကြိုးနဲ့ ကျွန်တော်တို့ အမြင့်ဆုံးကို ပျံဝဲခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့သက်တမ်း ကုန်ဆုံးသွားတဲ့ စွန်လေးတွေလည်း ရှိခဲ့တယ်။ အမြင့်ကို မရောက်ခင်မှာပဲ ပြတ်ကျခဲ့တဲ့ စွန်လေးတွေလည်း ရှိတယ်။ လမ်းခုလတ်မှာ ဖြတ်ခုတ်ခံရတဲ့ စွန်လေးတွေလည်း ရှိခဲ့တယ်။ မိုးဒဏ်လေဒဏ် မခံနိုင်လို့ စုတ်ပြဲခဲ့တဲ့ စွန်လေးတွေလည်း ရှိခဲ့ကြတယ်။ သစ်ပင်၊ ဓာတ်ကြိုးနဲ့ ငြိပြီး စွန့်လွှတ်လိုက်ရတဲ့ စွန်လေးတွေလည်း ရှိတယ်။

ကျွန်တော်တို့ဟာ မိဘမေတ္တာနှောင်ကြိုးကနေ မလွတ်မြောက်ခင်မှာပဲ မိတ်ဆွေ အပေါင်းအသင်း နှောင်ကြိုးတွေမှာ ငြိတွယ်ခဲ့ကြတယ်။  ကျောင်းနေအရွယ်ကစလို့ သေဆုံးချိန်အထိ မိတ်ဆွေအပေါင်းအသင်း နှောင်ကြိုးအသစ်အသစ်တွေနဲ့ ထပ်မံ ငြိတွယ်ခဲ့ကြပြန်တယ်။ ကျောင်းတက်တဲ့ အရွယ်ကစလို့ လုပ်ငန်းခွင်ဝင်တဲ့အရွယ်၊ လူလတ်ပိုင်းအရွယ်၊ သက်ကြီးပိုင်းအရွယ်အဆုံး ကျွန်တော်တို့ဘဝမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အများကြီးကြုံခဲ့ရတယ်။ ကျောင်းနေအရွယ်ဘဝမှာ ငြိတွယ်ခဲ့ဖူးတဲ့ အပေါင်းအသင်း နှောင်ကြိုး၊ တက္ကသိုလ်ရောက်ချိန်မှာ ငြိတွယ်ခဲ့ရတဲ့ အပေါင်းအသင်း နှောင်ကြိုး၊ လုပ်ငန်းခွင် ဝင်ချိန်မှာ ငြိတွယ်ခဲ့ရတဲ့ စီးပွားဖက်နှောင်ကြိုး၊ အသက်ကြီးလာချိန်မှာ ဆွေးနွေးတိုင်ပင်ရတဲ့ မိတ်ဆွေနှောင်ကြိုး ကျွန်တော်တို့ဟာ အပေါင်းအသင်းနဲ့ ပတ်သက်ရင် နှောင်ကြိုး အထပ်ထပ် ရှိခဲ့ကြတယ်။ နှစ်ကာလတွေ ရွေ့လျားလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ မိတ်ဆွေအပေါင်းအသင်း နှောင်ကြိုးတွေဟာလည်း တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။ မူလတန်းကနေ အထက်ကျောင်းအထိ ပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေနဲ့ ကျွန်တော်တို့ ဝေးခဲ့တယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ချိန်မှာ တက္ကသိုလ်က အပေါင်းအသင်းတွေနဲ့ အဆက်အသွယ် ပြတ်ခဲ့တယ်။ လုပ်ငန်းခွင်မှာ အမြင်မတူတဲ့အတွက် စီးပွားဖက်တွေနဲ့ လမ်းခွဲရတာတွေလည်း ရှိခဲ့တယ်။ နောက်ပိုင်း အသက်ကြီးလာတဲ့အခါ အရင်းနှီးဆုံး မိတ်ဆွေတွေကို ချန်ထားခဲ့ပြီး အပြီးတိုင် ခွဲခွာသွားရတာတွေလည်း ရှိခဲ့တယ်။

ဒီလို မိဘမေတ္တာနှောင်ကြိုးနဲ့ မိတ်ဆွေ အပေါင်းအသင်းနှောင်ကြိုးတွေ ငြိတွယ်နေချိန်မှာပဲ ကျွန်တော်တို့ ဘဝထဲကို နောက်ထပ် ရစ်ပတ်လာတဲ့ နှောင်ကြိုးက သမီးရည်းစားနှောင်ကြိုးလို့ ဆိုရမှာပါ။ ပုထုဇဉ် လူသားတိုင်း အချစ်နဲ့မကင်းနိုင်တဲ့အတွက် ကျွန်တော်တို့ဟာလည်း အချစ်နှောင်ကြိုးမှာ တစ်ရစ်ပြီး တစ်ရစ် ငြိတွယ်ခဲ့ကြတယ်။ အချစ်ဆိပ် တက်လာတာနဲ့အမျှ သမီးရည်းစား နှောင်ကြိုးကနေ လင်မယားနှောင်ကြိုးအဆင့်ကို ထပ်တိုး ရစ်ပတ်မိပြန်တယ်။

ဒီလိုနဲ့ ကျွန်တော်တို့ဟာ လှုပ်လေ နစ်လေ ဖြစ်နေတဲ့ နှောင်ကြိုးနွံမှာ ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ဘူး။ အချစ်နှောင်ကြိုးမှာ သမီးရည်းစားအချစ်၊ လင်မယားအချစ် ပြီးတဲ့အခါ  တစ်ဆင့်တိုးပြီး သားသမီးနှောင်ကြိုး က တစ်နွယ်ငင် တစ်စင်ပါလာတယ်။ သားသမီးတွေရဲ့ နှောင်ကြိုးကလည်း တစ်နေ့ထက် တစ်နေ့ တိုးတိုးလာတဲ့ ဒီရေလိုပဲ မဟုတ်လား။

သားသမီးနှောင်ကြိုးတွေ ရလာတဲ့အခါ နေ့စဉ် စားဝတ်နေရေးအတွက် ကျွန်တော်တို့ဟာ အလုပ်နှောင်ကြိုးမှာ ထပ်ပြီး ရစ်နှောင်ခံရပြန်တယ်။ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ကြုံရတာတွေ ရှိပေမဲ့လည်း နှစ်ရှည်လများ လုပ်လာတဲ့ အလုပ်အပေါ်မှာ သံယောဇဉ်နှောင်ကြိုးတွေ ထားရှိခဲ့ကြတယ်။ လုပ်သက် အနေအထားအရ နှမြောမိတဲ့နှောင်ကြိုး၊ အလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်ခဲ့မိတဲ့ နှောင်ကြိုး၊ မိသားစုအရေးကို တွေးပြီး မစွန့်လွှတ်နိုင်ခဲ့တဲ့ နှောင်ကြိုး၊ ပိုကောင်းလာမှာပါ ဆိုပြီး မျှော်လင့်ချက်ကြီးလွန်းခဲ့တဲ့ နှောင်ကြိုး၊ တစ်နေ့နေ့ပေါ့ဆိုပြီး ချွေးသိပ်တတ်ခဲ့တဲ့နှောင်ကြိုး အစရှိတဲ့ နှောင်ကြိုးတွေနဲ့ ကျွန်တော်တို့ဟာ နေသားကျခဲ့ကြလို့ပါပဲ။ 

အလုပ်လုပ်တဲ့အရွယ်ကို ကျော်လွန်ပြီး ဘဝရဲ့ နောက်ဆုံးအရွယ်ကို ရောက်တော့လည်း ကျွန်တော်တို့မှာ နှောင်ကြိုးတွေနဲ့ မလွတ်ခဲ့ပြန်ဘူး။ သားသမီးအချစ် မြေးအနှစ်ဆိုတဲ့ စကားအတိုင်း မြေးတွေရဲ့ နှောင်ကြိုးက ကျွန်တော်တို့ နှလုံးသားမှာလာပြီး ရစ်ပတ်ပြန်တယ်။ မြေးတွေကို ထိန်းရတယ်။ မြေးတွေကို ကျောင်းပို့ကျောင်းကြို လုပ်ရတယ်။ မြေးတွေကို ထမင်းဟင်း ချက်ကျွေးရတယ်။ မြေးတွေရဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးရတယ်။ မြေးတွေကို ပုံပြင်ဖတ်ပြရတယ်။ မြေးတွေကို သီချင်းဆိုသိပ်ရတယ်။ ဒီလိုနှောင်ကြိုးတွေကနေ ကျွန်တော်တို့ ဘယ်လိုရုန်းထွက်ကြမလဲ။  မွေးစကနေ သေတဲ့အထိ ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ နှောင်ကြိုးတွေက အထပ်ထပ် ရစ်နှောင်ထားတယ်။ ဆွဲဖြတ်လိုက်ဖို့ ဆိုတာကလည်း တော်ရုံသတ္တိနဲ့ မရဘူး။ ဘဝရဲ့ အဆုံးသတ်တိုက်ပွဲ ဖြစ်နေရင်တောင် ကျွန်တော်တို့ဟာ စွန်လေးလိုမျိုး လွတ်လပ်မှုကို ခဏတာဖြစ်ဖြစ် ရှာဖွေပြီး ရဲရင့်ရမယ်။ တကယ်တော့ ဘဝမှာ များများစားစား မလိုပါဘူး။ လွတ်လပ်စွာ တွေးခေါ်ရှင်သန်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး သတ္တိရှိဖို့ပဲ လိုတာပါ။ ဘုရားလောင်းတောင် ဘုရားဖြစ်ဖို့အတွက် အားလုံးကို စွန့်လွှတ်ခဲ့ရတာ မဟုတ်လား။ စွန့်လွှတ်ရဲတဲ့သတ္တိ မရှိဘဲနဲ့တော့ ကျွန်တော်တို့အားလုံး ဘယ်နှောင်ကြိုးကမှ မလွတ်မြောက်နိုင်ပါဘူး။ စွန့်လွှတ်ရဲတဲ့သတ္တိ ရှိတဲ့အခါ ကျွန်တော်တို့ဟာ အရာရာကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အနည်းဆုံးတော့ တစ်ကိုယ်စာ လွတ်လပ်ခြင်းကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်တယ် မဟုတ်လား။ ဟော ဒီကမ္ဘာမှာ လွတ်လပ်ခြင်းရဲ့ အရသာကို မြည်းစမ်းခွင့်မရှိဘဲ သေဆုံးသွားသူတွေဟာ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ သူတို့ ဘာကြောင့် ဒီလိုသေဆုံးသွားရလဲဆိုရင် စွန့်လွှတ်ရဲတဲ့သတ္တိကို အကြောက်တရားနဲ့ ဖုံးအုပ်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ဘဝမှာ အကြောက်တရားကြီးရင် နှစ်ခါပြန် သေရတယ်လို့ မှတ်သားဖူးပါတယ်။ အကြောက်တရားအောက်မှာ ဒူးထောက်အညံ့ခံတဲ့ လူတွေအတွက် လွတ်လပ်ခြင်းက လက်ကမ်းကြိုဆိုရိုး ထုံးစံမရှိပါဘူး။ ကျွန်တော်တို့အားလုံး အကြောက်တရားကို စွန့်လွှတ်ရဲတဲ့သတ္တိနဲ့ ရိုက်ချိုးပြဖို့ လိုပါလိမ့်မယ်။ တကယ်လို့ အကြောက်တရားကို အောင်နိုင်ခဲ့ရင်တော့ လွတ်လပ်မှုဟာ ခင်ဗျားတို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါလိမ့်မယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိဆိုတာကလည်း တကယ်တော့ လွယ်လွယ်နဲ့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ အပြောလွယ်သလောက် လုပ်ဖို့ခက်တဲ့အရာပါ။ နှစ်ပေါင်းများစွာ ရစ်ပတ်ထားတဲ့ နှောင်ကြိုးတွေကို စွန့်လွှတ်ရဲတဲ့သတ္တိနဲ့ ဖြတ်တောက်ပစ်လိုက်ဖို့ဆိုတာ ကိုယ့်ရဲ့အသိဉာဏ်တရားနဲ့လည်း ဆိုင်သလို ကိုယ့်ရဲ့ ယုံကြည်ချက်အပေါ်မှာလည်း မူတည်ပါတယ်။

ကိုယ့်အသိဉာဏ်တရားက အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး ကိုယ့်ရဲ့ ယုံကြည်ချက်ကလည်း ရဲရင့်ခိုင်မာ ပြတ်သားတယ်ဆိုရင် ဘယ်နှောင်ကြိုးကိုမဆို စွန့်လွှတ်ရဲတဲ့ သတ္တိတစ်ခုတည်းနဲ့ ပယ်သတ်နိုင်မှာ ဖြစ်ပါတယ်။

ကောင်းကင်မှာ စွန်လေးကတော့ လေနှင်ရာအတိုင်း တလွင့်လွင့်နဲ့ လွင့်မျောနေဆဲပါပဲ။ ဘယ်နေရာမှာ အဆုံးသတ်မယ်မှန်း မသိတဲ့ စွန်လေးကို ငေးရင်း ကျွန်တော့်အတွေးတွေကို စနစ်တကျ ခေါက်သိမ်းလိုက်ပါတယ်။ ညနေဟာ သူ့သဘာဝအတိုင်း ဖုတ်ဖက်ခါပြီး ထသွားဖို့ ပြင်ဆင်နေသလို မကြာမီ တစ်လောကလုံးကို အမှောင်နဲ့ လွှမ်းခြုံဖို့အတွက်  ညဟာလည်း လောက တစ်နေရာကနေ ချောင်းမြောင်း စောင့်ဆိုင်းနေပါလိမ့်မယ်။ 


READ NEXT
Cancel OK