Top News

TNLA အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော နန်းမိုဟွမ်နှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားသေးကြောင်း မိသားစုဝင်တစ်ဦး ပြောကြား
24htopnews | October 5, 2024 6:12 PM CST

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော နန်းမိုဟွမ် နှင့်ပတ်သက်၍ မည်သည့် သတင်းမျှမကြားသေးကြောင်း ၎င်း၏အစ်မဖြစ်သူ နန်းမိုခမ်းက စက်တင်ဘာ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ်သည် သေဆုံးသွားပြီဖြစ်ကြောင်း Facebook ၌ စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသမီးတစ်ဦး ဆေးရုံတက်နေသည့် ဓာတ်ပုံနှင့်တကွ သတင်းများ ပျံ့နှံ့လျက်ရှိပြီး အဆိုပါသတင်းအား Facebook တွင် ပြန်လည်ဖြန့်ဝေသူ များပြားလျက်ရှိသည်။

“ကျွန်မတို့လည်း ဘာသတင်းမှမကြားဘူး။ သူများတွေလည်း မေးလာတယ်။ ကျွန်မတို့ကလည်း မသိဘူးလို့။ မသိဘူးရှင့်။ ကျွန်မတို့လည်း သိချင်နေတယ်။ ဘယ်သူဖြန့်လည်း ဆိုပြီးတော့။ ကျွန်မတို့လည်း မနေ့ (စက်တင်ဘာ ၂၆) ညက သူများ ကျွန်မတို့ဆီကို ပို့တာပေါ့။ ကျွန်မတို့လည်း သူ့ကို မေးနေတာ ဘယ်ကနေရလဲဆိုပြီး ကျွန်မတို့ သိချင်နေတာ။ အဲဒီလိုဖြန့်တာဆိုပြီး ကျွန်မတို့လည်း ရှာနေတာ မတွေ့သေးဘူး” ဟု နန်းမိုခမ်းက ပြောကြားသည်။

ယင်းသတင်းနှင့်ပတ်သက်၍ TNLA အဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးဘဲ The Daily Eleven သတင်းစာက ထပ်မံသိရှိရသည့် သတင်းအချက်အလက်များကို ဖော်ပြသွားမည်ဖြစ်သည်။

နန်းမိုဟွမ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စိုးရိမ်ကြောင်းနှင့် မတရား ဖမ်းဆီးချုပ်နှောင်ထားသည့် လုပ်ရပ်အား ကန့်ကွက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား TNLA မှ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်၌ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းထားသည်မှာ တစ်လကျော်မျှ ကြာမြင့်လာပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နန်းမိုဟွမ်သည် TNLA အကောက်ခွန် ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည့်အတွက် အရေးယူပေးရန် TNLA ဗဟို တရားရုံးကို အမှုဖွင့် တိုင်ကြားလာခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု TNLA ၏ ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရကြောင်းနှင့် တစ်ဆက်တည်းမှာပင် TNLA ဥပဒေအရ အများပြည်သူရှေ့မှောက်၌ အပြစ်ပေးအရေးယူ ဆောင်ရွက်မည်ဟု ဖော်ပြထားသဖြင့် ထိုသို့ဖော်ပြထားချက်အပေါ် မိမိတို့အနေဖြင့် အထူးစိုးရိမ်မိကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နေအိမ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူး၊ ရပ်ရွာလူကြီးများအား အသိမပေးဘဲ လက်နက်ဖြင့် ခြိမ်းခြောက်၍ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်မှာ လူ့အခွင့်အရေး ရှုထောင့်မှလည်းကောင်း၊ တရားဥပဒေစိုးမိုးရေး ရှုထောင့်မှလည်းကောင်း မည်သို့မျှ လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရ တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည်သာဖြစ်ပြီး ထို့အတူ မည်သည့်အဖွဲ့အစည်းမဆို ထိုသို့လက်နက်ဖြင့် ခြိမ်းခြောက်ပြီး တိတ်တဆိတ် ဖမ်းဆီးခြင်းအား လျစ်လျူရှုနေမည်ဆိုလျှင် ပြည်သူတို့၏ ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည် ဖြစ်ကြောင်းလည်း AAPP က ထောက်ပြသည်။

ထို့အတူ မိမိတို့အတွေ့အကြုံအရ မျက်ကွယ်တွင် ညှဉ်းပန်းနှိပ်စက်၍သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ဝန်ခံခိုင်းသော ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရသည့်အတွက် အထူးစိုးရိမ် ပူပန်မိသလို အချိန်ကြာလာသည်နှင့်အမျှ နန်းမိုဟွမ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အလွန်စိုးရိမ်မိကြောင်းနှင့် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ယခုကဲ့သို့ နန်းမိုဟွမ်အား မတရား ဖမ်းဆီးချုပ်နှောင်ထားသည့်လုပ်ရပ်အား လုံးဝကန့်ကွက်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

TNLA အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားအားထုတ်နေသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် TNLA ၏ ကြိုးစားဆောင်ရွက်နေမှုများကို နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လည်လွှတ်ပေးခြင်းအားဖြင့် သက်သေပြရန် AAPP ၏ ကြေညာချက်တွင် တိုက်တွန်းထားသည်။

နန်းမိုဟွမ် အဖမ်းခံရခြင်းကြောင့် ဖော်ဆောင်နေဆဲဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုများရှိလာနိုင်ပြီး ရှမ်းနှင့် တအန်းပလောင်လူမျိုးစုများအကြား ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း နမ့်ခမ်းဒေသခံလူငယ်များကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ၎င်း၏ မိသားစုဝင်များက စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် လူဦးရေထောင်ချီပါဝင်သော နမ့်ခမ်းဒေသခံများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ဆန္ဒပြခဲ့သည်။

ထိုသို့ဆန္ဒပြမှုအပေါ် TNLA အဖွဲ့ဝင်များ အနေဖြင့်လည်း မိဘဆွေမျိုး မိသားစုရှိသူများဖြစ်သည့်အလျောက် လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်ချင်းစာတရားထားရှိရန် လိုအပ်သကဲ့သို့ ရဟန်းရှင်လူပြည်သူလူထု အပေါင်း၏ စိတ်ဆန္ဒသဘောထားအပေါ် အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က စက်တင်ဘာ ၁၇ ရက်၌ ကြေညာချက် ထုတ်ပြန်ထားသည်။ TNLA ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း နန်းမိုဟွမ်အား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။

နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ စာပေးပို့ တောင်းဆိုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ စာပေးပို့ တောင်းဆိုထားကြသည်။


READ NEXT
Cancel OK