Top News

ပြည်သူလူထုဘဝ လုံခြုံရေးအတွက် မိမိတို့၏ နယ်မြေဒေသနှင့်လျော်ညီသော လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အစီအမံများကို စနစ်တကျချမှတ်ဆောင်ရွက်ရန် ရဲချုပ်ပြောကြား
24htopnews | September 14, 2024 2:12 PM CST

ပြည်သူလူထုဘဝ လုံခြုံရေးအတွက် မိမိတို့၏ နယ်မြေဒေသနှင့် လျော်ညီသော လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အစီအမံများကို စနစ်တကျ ချမှတ်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် တွေ့ဆုံရာတွင် ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ရခိုင်ပြည်နယ်၌ AA အဖွဲ့က ကျောင်းတောင်၊ ငမြင်းဘော်၊ ခထီးလှ၊ ဂုတ်ပီ ရဲကင်းစခန်းလေးခုကို အင်အားသုံးဝင်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားမှုအပြီး တစ်ပတ်ကျော်အကြာဖြစ်သည့် ဇန်နဝါရီ ၁၂ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများ အပါအဝင် ရဲအရာရှိကြီးများနှင့် တွေ့ဆုံရာ၌ ရဲချုပ်က ယင်းသို့ ညွှန်ကြားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက နယ်မြေဒေသ အေးချမ်းမှုမရရှိသေးသည့် နယ်စပ်ဒေသများတွင် လုံခြုံရေးကိုရှေးရှုသော ရဲလုပ်ငန်းစနစ်ဖြင့်လည်းကောင်း၊ တည်ငြိမ်အေးချမ်းသော ဒေသများတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် လျော်ညီသည့် ရဲလုပ်ငန်းစနစ်ဖြင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုဘဝလုံခြုံရေးအတွက် မိမိတို့၏ နယ်မြေဒေသနှင့် လျော်ညီသော လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအစီအမံများကို စနစ်တကျချမှတ် ဆောင်ရွက်သွားရန် စသည်ဖြင့် ညွှန်ကြားပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ရဲချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ရဲတပ်ဖွဲ့၏ သမားစဉ်လုပ်ငန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားရမည်ဟု ညွှန်ကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စာတွေ့လက်တွေ့ပေါင်းစပ်၍ မှန်ကန်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက်  တာဝန်ရှိသူရဲအရာရှိကြီးများ အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲသွားရန်လိုအပ်ကြောင်း စသည်ဖြင့် ရဲအရာရှိကြီးများ ညွှန်ကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးလအတွင်း မန္တလေးမြို့၊ ရန်ကုန်မြို့တို့အပါအဝင် မြို့ကြီးများတွင် နေ့ခင်းကြောင်တောင် လုယက်မှုဖြစ်စဉ်များ၊ တက္ကသိုလ်နယ်မြေများအနီးတွင် လုယက်ရာမှ ကျောင်းသားများ အသတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင်လည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်စဉ်ကြောင့် အဆိုပါ စခန်းများရှိ ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK