Top News

ACL ထိခိုက်မိသဖြင့် ကာလရှည်အနားယူရမည့် ကာဗာဟယ်လ်ကို ၂၀၂၆ ခုနှစ်အထိ ရီးယဲလ်အသင်း သက်တမ်းတိုး
24htopnews | October 9, 2024 2:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်းသည် ဒူးအရွတ်(ACL) ထိခိုက်မိသဖြင့် ကာလရှည် အနားယူရမည့် ညာနောက်ခံလူ ဒန်နီကာဗာဟယ်လ်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရီးယဲလ်အသင်း၏ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ကာဗာဟယ်လ် (၃၂ နှစ်) သည် အောက်တိုဘာ ၅ ရက်က ဗီလာရီးယဲလ်အသင်းနှင့်ပွဲ၌ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။

၎င်း၏ဒဏ်ရာကို စစ်ဆေးရာ ACL ထိခိုက်မိခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုလုပ်ရမည်ဖြစ်ကြောင်း ရီးယဲလ်အသင်းက ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာမှာပင် ကာဗာဟယ်လ်ကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

၎င်း၏မူလစာချုပ်မှာ လာမည့် ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် တစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာမရမီကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာဗာဟယ်လ်သည် ရီးယဲလ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၃- ၂၀၁၄ မှ ယခုရာသီအထိ ၁၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၂၇ ပွဲကစား၊ ၁၄ ဂိုးသွင်းယူပေးထားသည်။

၎င်းသည် ရီးယဲလ်အသင်းနှင့် ဆုဖလား ၂၆ လုံးရရှိထားပြီး ပါကိုဂျန်တို၊ လူကာမိုဒရစ်၊ တိုနီကရို့စ်၊ နာချိုတို့နှင့်အတူ အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ထားသည်။


READ NEXT
Cancel OK