Top News

လုံခြုံရေးနှင့်ပတ်သက်၍ အမေရိကန်က သတင်းမှားများ ဖြန့်နေသည်ဟု အီသီယိုပီးယားအစိုးရက စွပ်စွဲ
24htopnews | September 13, 2024 6:12 PM CST

အမေရိကန်ပြည်ထောင်စုသည် စစ်ပွဲဖြစ်ပွားနေသော အီသီယိုပီးယားနိုင်ငံတွင် သတင်းမှားများကို ဖြန့်ဝေနေသည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် အီသီယိုပီးယားအစိုးရက စွပ်စွဲလိုက်ပြီး ယင်းသို့သတင်းမှားများ ထုတ်ပြန်နေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးများကို ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။

အစိုးရကိုထောက်ခံသူ လူအုပ်များသည် မြို့တော်အဒစ်အဘာဘာက အမေရိကန်နှင့် ဗြိတိန်သံရုံးများ၏ အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့က အီသီယိုပီးယားအလံများကို ဝှေ့ယမ်းခဲ့ကြပြီး “ပြည်ပစွက်ဖက်မှု ရပ်၊ သတင်းမှားတွေရပ်” ဟု ကြွေးကြော်ခဲ့ကြသည်။

အီသီယိုပီးယားအစိုးရ၏ ပြောဆိုမှုသည် ဝန်ကြီးချုပ်အဘီအာမက်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာသည်ကို မီးမောင်းထိုးပြနေသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အဘီကို ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးအဖြစ် ယခင်က ရှုမြင်ထားခဲ့ခြင်း ဖြစ်သော်လည်း အာဖရိကတိုက်၏ ဒုတိယလူဦးရေအများဆုံး အီသီယိုပီးယားနိုင်ငံကို မတည်မငြိမ်ဖြစ်စေသော တစ်နှစ်ကြာစစ်ပွဲအား အင်အားကြီးနိုင်ငံများက ယခုအခါ သတိပေးလျက်ရှိသည်။

အမေရိကန်သည် မတည်ငြိမ်သော အာဖရိကဦးချိုဒေသတွင် အီသီယိုပီးယားကို အရေးပါသောလုံခြုံရေး မိတ်ဖက်အဖြစ် တစ်ချိန်က ရှုမြင်ခဲ့သည်။

သူပုန်များက မြို့တော်အဒစ်အဘာဘာကို ချီတက်လာမည်ဟု ခြိမ်းခြောက်ထားချိန်တွင် ၎င်းတို့၏ ဆက်ဆံရေးသည် အနိမ့်ဆုံး အနေအထားသစ်ကို ရောက်သွားမည့် အန္တရာယ်ရှိနေသည်။

လက်နက်ကိုင်ပဋိပက္ခ၊ ဝန်ထမ်းများ အမိန့်မနာခံမှု၊ စားနပ်ရိက္ခာပြတ်တောက်နိုင်မှုတို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနသည် နိုဝင်ဘာ  ၅ ရက်တွင် မရှိမဖြစ်မဟုတ်သော သံရုံးဝန်ထမ်းများကို ရုပ်သိမ်းရန်ညွှန်ကြားခဲ့ပြီး အခြားသောသံတမန်ရေးဆိုင်ရာ မစ်ရှင်အချို့ကိုလည်း အလားတူ ရုပ်သိမ်းခဲ့သည်။

ယခုသီတင်းပတ်အတွင်းတွင် အမေရိကန်သံရုံးသည် အီသီယိုပီးယားနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာနိုင်စရာရှိသည်ဟူသော သတိပေးချက်ကို ပို့စ်တင်ကာ အဘီ၏ အစိုးရကို ထပ်မံအနှောင့်အယှက် ပေးခဲ့သည်။

“အဒစ်အဘာဘာကို သူပုန်တွေ ၀ိုင်းထားတယ်ဆိုတဲ့ သတင်းကို အရင်တုန်းက သူတို့ဖြန့်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာမယ်ဆိုတဲ့ သတင်းမှားကို အခုသူတို့ဖြန့်နေပါတယ်” ဟု နိုဝင်ဘာ ၂၅ ရက်တွင်အီသီယိုပီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူကီဘီဒီဒီဆီဆာက သတင်းစာရှင်းလင်းပွဲတွင် အစိုးရမီဒီယာကို ပြောကြားခဲ့သည်။

“အဲ့ဒီလုပ်ရပ်တွေဟာ နှစ်နိုင်ငံရဲ့ သမိုင်းအစဉ်အလာ ဆက်ဆံရေးတွေကို ထိခိုက်စေပါတယ်” ဟု ၎င်းကပြောကြားသည်။

ပို့ကုန်အများစုအတွက် အခွန်ကင်းလွတ်ခွင့် ပေးထားသော အရေးပါသည့် ကုန်သွယ်ရေးသဘောတူစာချုပ်မှ အီသီယိုပီးယားနိုင်ငံကို ထုတ်ပယ်ရန် မိမိတို့ ရည်ရွယ်ထားသည်ဟု ယခုလအတွင်းတွင် ဘိုင်ဒင်အစိုးရက ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အပစ်ရပ်စဲရေးကို အားပေးအားမြှောက်ပြုရန် မျှော်လင့်ချက်များဖြင့် အီသီယိုပီးယားအစိုးရနှင့် သူပုန်များကို ဒဏ်ခတ်အရေးယူမှုများချမှတ်ခြင်းအား ဆိုင်းငံ့ထားခဲ့သည်ဟု သမ္မတဂျိုးဘိုင်ဒင်အစိုးရက ပြောကြားခဲ့သည်။

၂၀၁၉ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အဘီက တီဂရေးဒေသရှိ အာဏာရပါတီကို ဖြုတ်ချရန်  ၂၀၂၀ နိုဝင်ဘာလတွင် စစ်သားများကို ယင်းဒေသသို့ စေလွှတ်ခဲ့ရာမှ အီသီယိုပီးယားစစ်ပွဲ စတင်ခဲ့သည်။    


READ NEXT
Cancel OK