Top News

ဗင်နီဇွဲလားထောက်လှမ်းရေးများက အတိုက်အခံခေါင်းဆောင် ဂွါအီဒို၏ရုံးခန်းများအား စီးနင်းရှာဖွေ
24htopnews | October 13, 2024 9:12 AM CST

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက ဥရောပသို့ ခရီးထွက်ခွာနေစဉ် ဗင်နီဇွဲလားတွင် ထောက်လှမ်းရေးအေဂျင်စီ Sebin မှ အေးဂျင့်များက ဂွါအီဒို၏ရုံးခန်းများအား စီးနင်းရှာဖွေခဲ့ကြကြောင်း အတိုက်အခံ အမတ်တစ်ဦးဖြစ်သည့် ဒယ်ဆာဆိုလာဇာနိုက ဇန်နဝါရီ ၂၁ တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အတိုက်အခံအမတ်တစ်ဦးဖြစ်သူ အစ္စမယ်လီယွန်သည် အမျိုးသားလွှတ်တော်သို့ ဇန်နဝါရီ ၂၁ တွင် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း ဒယ်ဆာဆိုလာဇာနိုက ကာရာကက်စ်တွင် ဇူးရစ်မျှော်စင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စကားပြောပြီးနောက် ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

သူရဲဘောကြောင်သော အာဏာရှင်ဆန်မှုဖြစ်ကြောင်း၊ မိမိက ပြည်ပသို့ ရောက်ရှိနေပြီး ဗင်နီဇွဲလားပြည်သူများ ကြံ့ကြံ့ခံနေရသော နာကျင်ခံစားရမှုများအား ကျော်လွှားနိုင်ရန်အတွက် ထောက်ခံမှုများ ခိုင်မာစေရန် ကြိုးပမ်းနေစဉ် ယင်းကဲ့သို့ အရှက်မရှိသော လုပ်ရပ်က ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း လန်ဒန်သို့ သွားရောက်နေသော ဂွါအီဒိုက Twitter တွင် ဝေဖန်ရေးသားခဲ့သည်။

သို့သော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီးက Sebin အေးဂျင့်များသည် ဂွါအီဒို၏သီးသန့်ရုံးခန်းအား ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ဘဲ ငွေကြေး ခဝါချမှုအတွက် လုပ်ငန်းရှင်နှစ်ဦးအား ဖမ်းဆီးရန် စီးနင်းရှာဖွေခဲ့ခြင်းသာဖြစ်ကြောင်း Twitter တွင် ဇန်နဝါရီ ၂၁ ရက်နှောင်းပိုင်း၌ ထုတ်ပြန်ခဲ့သည်။ ထိုရုံးခန်းများ တည်ရှိသော ဇူးရစ်မျှော်စင်အား ယင်းနေ့မွန်းလွဲပိုင်းတွင် ခေါင်းစွပ်စွပ်ထားပြီး အနက်ရောင် ဝတ်ထားသော လက်နက်ကိုင် Sebin အေးဂျင့်များက ၀ိုင်းရံခဲ့ခြင်းဖြစ်သည်။

ထိုစီးနင်းရှာဖွေမှု စတင်ချိန်တွင် ယင်းရုံးခန်းများ၌ မည်သူမျှ မရှိကြောင်း၊ လွှတ်တော်အမတ်အများအပြားသည် ထိုရုံးခန်းများထဲသို့ ဝင်ရောက်ခွင့် မရခဲ့ကြကြောင်း အတိုက်အခံများက ထုတ်ပြန်ခဲ့သည်။

မည်သည့်လုပ်ထုံးလုပ်နည်းဖြင့် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အခွင့်အာဏာ မရှိဘဲ၊ မျက်မြင်သက်သေများ မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေဝရမ်းလည်း မပါခဲ့ကြကြောင်း ဆိုလာဇာနိုက ထိုအဆောက်အအုံ အပြင်ဘက်တွင် ပြောကြားခဲ့သည်။

လုပ်ကြံဖန်တီးထားသော အထောက်အထားများအား ချထားခဲ့မည်ကို အတိုက်အခံများက စိုးရိမ်နေကြစဉ် ထောက်လှမ်းရေး အေးဂျင့်များသည် ရုံးခန်းများထဲသို့ ရုတ်ခြည်း ဝင်ရောက်လာခဲ့ကြကြောင်း အတိုက်အခံအမတ်တစ်ဦးဖြစ်သူ အင်ဂျယ်တောရက်စ်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် နိုင်ငံ ၅၀ ကျော်က ဗင်နီဇွဲလား၏ ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထားသော အသက် ၃၆ နှစ်ရှိ ဂွါအီဒိုသည် ဆိုရှယ်လစ်သမ္မတ နီကိုးလက်စ် မာဒူရိုအစိုးရ၏ ခရီးသွားလာမှု ပိတ်ပင်ခြင်းအား အာခံလျက် ဆွစ်ဇာလန်တွင် ကျင်းပသော ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ရန်အပါအဝင် ဥရောပခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လန်ဒန်သို့ သွားရောက်ကာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 


READ NEXT
Cancel OK