Top News

ဆော်လမွန်ကျွန်းတွင်ဖြစ်ပွားသည့် ဆူပူအုံကြွမှုများအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ရှုတ်ချ
24htopnews | September 13, 2024 6:12 PM CST

ပစိဖိတ်ကျွန်းနိုင်ငံငယ်ဖြစ်သည့် ဆော်လမွန်ကျွန်းတွင် တရုတ်နိုင်ငံကိုလိုလားသည့် ဝန်ကြီးချုပ် မနက်ဆာ ဆိုဂါဗယ်အား ဆန့်ကျင်သည့် သုံးရက်ကြာ ဆန္ဒပြမှုများအတွင်း ဆူပူအုံကြွမှုများဖြစ်ပွားခဲ့မှုအပေါ် ရှုတ်ချကြောင်းနှင့် ၎င်း၏နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုကို စိတ်ချသေချာစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဆိုးရွားသည့် ထိခိုက်ပျက်စီးမှုများ၊ အဆောက်အဦးဆုံရှုံးမှုများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုများကို တရုတ်အနေဖြင့် ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ တရားဝင်မှုရှိသည့် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဘေးကင်းလုံခြုံစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်က ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းတွင် လူဦးရေအများဆုံးနေထိုင်သည့် မလိုက်တာကျွန်းပေါ်မှ ဒေသခံများနှင့် ဗဟိုအစိုးရအကြား မကျေလည်မှုများ ကာလကြာရှည်ဖြစ်ပွားနေသကဲ့သို့ ဝန်ကြီးချုပ် ဆိုဂါဗယ်၏အစိုးရအဖွဲ့ကို လူထု၏မကျေနပ်ချက်များ မြင့်တက်ခဲ့ရာမှ ဆူပူအုံကြွမှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

မလိုက်တာဒေသခံများက ဗဟိုအစိုးရသည် ၎င်းတို့ကျွန်းကို လျစ်လျူရှုထားသည်ဟု ကာလကြာရှည် ဝေဖန်ခဲ့ကြပြီး ဆိုဂါဗယ် အာဏာရလာခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်အစား တရုတ်ပြည်မကြီးကို ပြောင်းလဲပြီး သံတမန်ဆက်ဆံရေးအသိအမှတ်ပြုခဲ့ချိန်တွင် ပြည်တွင်း၌သဘောထားကွဲလွဲမှုများ ပိုမိုပြင်းထန်လာခဲ့သည်။

တရုတ်လူမျိုးအနည်းငယ်ရှိသည့် ဆော်လမွန်ကျွန်းသည် ပစိဖိတ်တွင် တရုတ်နှင့် ထိုင်ဝမ်တို့၏ သြဇာလွှမ်းမိုးရေး ပြိုင်ဆိုင်မှုအောက်တွင် ရုန်းကန်နေရသည်။

ဟိုနီယာရာမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို မလိုက်တာကျွန်းပေါ်မှ ရောက်ရှိလာသူများက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့တော်တွင်းရှိ ဒေသခံများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အတိတ်ကာလက ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများတွင် တရုတ်စီးပွားရေးလုပ်ငန်းများ တိုက်ခိုက်ခံခဲ့ရပြီး ယခုသီတင်းပတ်အတွင်း ဟိုနီယာရာမြို့တော်၏ တရုတ်တန်းတွင် တရုတ်နိုင်ငံသားများပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံခဲ့ရသည်။

လူသုံးဦးသေဆုံးခဲ့သည့် ယင်းဆူပူအုံကြွမှုများ သုံးရက်ကြာဖြစ်ပွားခဲ့ပြီးနောက် နိုုဝင်ဘာ ၂၇ ရက်တွင်မူ ဟိုနီယာရာ မြို့တော်၏ အခြေအနေမှာ ပြန်လည်တည်ငြိမ်ခဲ့သည်။

ဆီဆိုင်များ၊ စျေးဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဟိုနီယာရာ ဒေသခံများသည် ဆူပူအုံကြွမှုများ လျော့ကျသွားခဲ့သဖြင့် အခြေခံလိုအပ်သည့် စားသောက်ကုန်များနှင့် အသုံးအဆောင်များကို ဝယ်ယူခဲ့ကြသည်။

သို့သော်လည်း အခြေအနေသည် တင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည်ဟု စားသောက်ကုန်များဝယ်ယူရန် လမ်းပေါ်သို့ထွက်လာခဲ့သည့် မိခင်တစ်ဦးဖြစ်သူ အူဒရီအော်ဝါက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆေးပညာအဖွဲ့ကမူ တရုတ်တန်းတွင် မီးရှို့မှုများအတွင်း သေဆုံးသွားသူသုံးဦး၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း သိရှိရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။      


READ NEXT
Cancel OK