Top News

Merck ၏ COVID-19 ဗိုင်းရပ်စ်သတ်ဆေးသည် ပြင်းထန်ရောဂါအခြေအနေ မဖြစ်ပွားစေရန် ကာကွယ်နိုင်ဟု အမေရိကန်ကျန်းမာရေးအဖွဲ့ ထုတ်ပြန်
24htopnews | September 13, 2024 6:12 PM CST

အမေရိကန်ဆေးကုမ္ပဏီ Merck က ထုတ်လုပ်သည့် COVID-19 ဗိုင်းရပ်စ်သတ်ဆေးသည် COVID-19 ရောဂါကို ကုသမှုတွင် ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ဟု အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အကြိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

သို့သော် FDA အကြံပေးအဖွဲ့မှ ထုတ်ပြန်သည့် ယင်းအစီရင်ခံစာ၌ molnupiravir ဟု လူသိများသည့် COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးများ မသောက်သုံးသင့်ကြောင်း သတိပေးခဲ့ပြီး ယင်းလူနာများအတွက် ထိုဆေး၏အလားအလာရှိသော ကောင်းကျိုးများသည် ဆိုးကျိုးများထက် ပိုမိုအလေးမသာနိုင်ကြောင်း သတိပေးခဲ့သည်။

FDA ကျွမ်းကျင်သူများက နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ယင်းအစည်းအဝေးမှ ထုတ်ပြန်သည့် ယင်းအစီရင်ခံစာသည် molnupiravir ဆေးအား အရေးပေါ် အသုံးပြုရန်ခွင့်ပြုချက် ပေးသင့်၊မသင့် စဉ်းသားသုံးသပ်ရန် လမ်းညွှန်မှုတစ်ရပ်အဖြစ် ထောက်ပံ့ပေးသည့် သဘောဖြစ်သည်။

ယင်းဗိုင်းရပ်စ်သတ်ဆေးကို အတည်ပြုပေးလိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တိုက်ဖျက်သည့် တိုက်ပွဲတွင်အဓိက ခြေလှမ်းတစ်ရပ်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဗိုင်းရပ်စ်လူနာများကို ကိုင်တွယ်ရာတွင် အားကောင်းသည့် ကိရိယာသစ်တစ်မျိုး ဖြစ်လာလိမ့်မယ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

Merck ဆေးကုမ္ပဏီက နိုဝင်ဘာ ၂၆ ရက်တွင် ဗိုင်းရပ်စ်သတ်ဆေး၏ စမ်းသပ်မှု ရလဒ်အပြည့်အစုံကို ထုတ်ပြန်ခဲ့ပြီး ရလဒ်အရ ယင်းဗိုင်းရပ်စ်သတ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်ခံရသူများအား ဆေးရုံတက်ရောက် ကုသနိုင်သည့်အခြေအနေနှင့် ပြင်းထန်လူနာများတွင် သေဆုံးနိုင်သည့်အခြေအနေကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်လိမ့်မည်ဟု တွေ့ရှိခဲ့ပြီး ယင်းထုတ်ပြန်ချက်သည်ကနဦး ထုတ်ပြန်ချက်ထက် များစွာလျော့နည်းနေကြောင်း တွေ့ရှိသည်။

FDA ၏ကနဦးအစီရင်ခံစာတွင် ယင်းဗိုင်းရပ်စ်သတ်ဆေးသည် ရောဂါအသင့်အတင့် ခံစားရသည့် ဗိုင်းရပ်စ်လူနာများအား ဆေးရုံတက်ရောက်နိုင်မှုနှုန်းကို လျှော့ချပေးနိုင်သည်ဟု အတည်ပြုခဲ့သည်။

သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ယင်းဗိုင်းရပ်စ်သတ်ဆေးအသုံးပြုမှုနှင့် ပတ်သက်၍ သတိပေးခဲ့ပြီး အစီရင်ခံစာ၌မူ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် ကိုယ်ဝန်ဆောင် ကြွက်များနှင့် ယုန်များကို စမ်းသပ်ရာ၌ ယင်းဗိုင်းရပ်စ်သတ်ဆေး တိုက်ကျွေးပြီးနောက် သန္ဓေသားများ၏  ပုံပန်းသွင်ပြင်ကို ပျက်စေပြီး ကိုယ်အလေးချိန် မပြည့်သည့် သန္ဓေသားလောင်း ဖြစ်ပွားနိုင်ခြေမြင့်မားသည်ဟု တွေ့ရှိခဲ့သည်။

COVID-19 ဗိုင်းရပ်စ်ရောဂါလက္ခဏာ စတင်ပြသပြီးနောက် ငါးရက်အတွင်း ယင်းဗိုင်းရပ်စ်သတ်ဆေးကို သောက်သုံးရန် Merck က အကြံပြုတိုက်တွန်းခဲ့သည်။


READ NEXT
Cancel OK