Top News

ရန်သူများကို မြေမြှုပ်မည်ဟု အီသီယိုပီးယားဝန်ကြီးချုပ်က ကြုံးဝါး
24htopnews | September 13, 2024 6:12 PM CST

အီသီယိုပီးယားတွင် လူပေါင်းသန်းချီ စားနပ်ရိက္ခာပြတ်လပ်စေခဲ့သည့် တစ်နှစ်ကြာဖြစ်ပွားနေသည့် စစ်ပွဲကို ကုလသမဂ္ဂက သတိပေးနေချိန်တွင် အီသီယိုပီးယားဝန်ကြီးချုပ် အဘီအာမက်က ရှေ့တန်းစစ်မျက်နှာပြင်မှ ပြောကြားခဲ့သည့် ၎င်း၏ပထမဆုံး အမှာစကားအဖြစ် ရန်သူများကို မြေမြှုပ်မည်ဟု နိုဝင်ဘာ ၂၆ ရက်က ကြုံးဝါးခဲ့သည်။

တီဂရေးသူပုန်များက အဓိကနယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် မြို့တော်အဒစ်အဘာဘာနှင့် ကီလိုမီတာ ၂၂၀ (၁၃၅ မိုင်) အကွာအဝေးသို့ ရောက်ရှိလာကြောင်း သူပုန်များက ပြောကြားခဲ့သဖြင့် ပဋိပက္ခအရှိန်မြင့်လာမှုအပေါ် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ပြီး ပြည်ပနိုင်ငံများက ၎င်းတို့၏နိုင်ငံသားများကို အီသီယိုပီးယားမှ ထွက်ခွာရန် တိုက်တွန်းနေကြသည်။

စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် အဘီသည် ဝန်ကြီးချုပ်တာဝန်များကို ၎င်း၏လက်ထောက်ထံ လွှဲပြောင်းခဲ့ပြီး သူပုန်များကို တိုက်ခိုက်သည့် တန်ပြန်ထိုးစစ်ကို ဦးဆောင်ရန် ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် နိုင်ငံပိုင်အိုရိုမီယာ ရုပ်သံနှင့် အင်တာဗျူးပြုလုပ်ရာတွင် ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဘီက သူသည် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သူပုန်အဖွဲ့ကို ရင်ဆိုင်ပြီး အောင်မြင်မှုရမည်မှာ သေချာကြောင်း ပြောကြားခဲ့သည်။

“ရန်သူတွေကို မြေမမြှုပ်ရသေးတဲ့ချိန်အထိ၊ အီသီယိုပီးယားရဲ့ လွတ်လပ်ရေးဟာ အခိုင်အမာ မဖြစသေးခင်အချိန်အထိ ကျွန်တော်တို့ နောက်ကြောင်းပြန်လှည့်လို့မရပါဘူး။ အီသီယိုပီးယားနိုင်ငံကို ကျွန်တော်တို့ သေတဲ့အထိ မြင်သွားချင်ပါတယ်” ဟု အဘီက ပြောကြားခဲ့သည်။

ထို့ပြင် အီသီယိုပီးယားစစ်တပ်သည် ကက်ဆာဂီတာစစ်မြေပြင်ကို ထိန်းချုပ်နိုင်ခဲ့ပြီး TPLF ၏ အဓိကခံတပ်ဖြစ်သည့် တီဂရေးဒေသ၏ အိမ်နီးချင်း အဖာဒေသရှိ ချီဖရာခရိုင်၊ ဘူရ်ကာမြို့ကို ပြန်လည်သိမ်းပိုက်ရန် စီစဉ်နေသည်ဟု ၎င်းကဆိုသည်။

“ရန်သူတွေဟာ ကျွန်တော်တို့နဲ့ အပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။ကျွန်တော်တို့ အနိုင်ရမှာပါ” ဟု အဘီက ပြောကြားခဲ့သည်။

အီသီယိုပီးယားအစိုးရသည် ဂျာနယ်လစ်များကို တားမြစ်ကန့်သတ်သည့် လှုပ်ရှားချက်တစ်ရပ်အဖြစ် စစ်မြေပြင်မှ သတင်းအချက်အလက်များကို တရားဝင်သတင်းချန်နယ်များတွင် ထုတ်လွှင့်မှုမပြုရန် ဥပဒေသစ်များ ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဘီ၏ အင်တာဗျူးကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

တီဂရေးစစ်ပွဲသည် အလွန်ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် လူကိုးသန်းကျော်မှာ စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေသည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောကြားခဲ့သည်။

ယင်းဒေသတွင် လူပေါင်းသောင်းချီသည် အငတ်ဘေးနှင့်ကြုံတွေ့လုနီး အခြေအနေတွင် ရှိနေပြီး ယင်းအခြေအနေသည် မကြာသေးမီလများအတွင်း ပိုမိုဆိုးရွားလာကာ ခန့်မှန်းခြေ လူ ၉.၂ သန်းသည် စစ်ပွဲ၏ တိုက်ရိုက်အကျိုးသက်ရောက်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ယင်းသည် စားနပ်ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နေရသည့် လူပေါင်း ၇ သန်းရှိခဲ့သည့် စက်တင်ဘာလကထက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။


READ NEXT
Cancel OK