Top News

ဂရုတစိုက် လုပ်ဆောင်ရသော အာဖဂန်နစ္စတန်၏ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များ
24htopnews | September 13, 2024 6:12 PM CST

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ထိန်းချုပ်ခဲ့ပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာတွင် နိုင်ငံတောင်ပိုင်းရှိ ကျေးရွာတစ်ရွာမှ တိုက်ပွဲအတွင်းထွက်ပြေးခဲ့ကြသော မိသားစုများသည်နေအိမ်များသို့ ပြန်လာခဲ့ကြသည်။

ခရစ်ကက်ကွင်းပြင်တွင် ကျောက်တုံးများဖြင့် အဝိုင်းလေးများ ပြုလုပ်ထားပြီး ဆေးအနီနှင့် အဖြူများဖြင့် အမှတ်အသားပြုထားသည်။

အဖြူရောင်အမှတ်အသားမှာ ကလေးများ ဆော့ကစားရန် လုံခြုံသည့် သဘောသက်ရောက်သော်လည်း အနီရောင်အမှတ်အသားမှာ မြေမြှုပ်မိုင်းများနှင့် အခြားစစ်ပွဲအတွင်း ဖောက်ခွဲရေးပစ္စည်းအကြွင်းအကျန်များ ရှိနေသည့်သဘောဖြစ်ပြီး လွန်ခဲ့သည့်နှစ် ၄၀ ကျော်အတွင်း မြေမြှုပ်မိုင်းထိမှန်မှုကြောင့် လူပေါင်းသောင်းချီ သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့တဲ့ခဲ့ကြသည်။

ဟယ်မန်းပြည်နယ် နက်အီအလီအမည်ရှိ ကျေးရွာလေးသည် တာလီဘန်နှင့်အနောက်နိုင်ငံများက ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့တို့ကြားစစ်မက် ဖြစ်ပွားသည့် နောက်ဆုံးနေ့ရက်များ၌ ရှေ့တန်းစစ်မြေပြင်ဖြစ်ခဲ့ရသည်။

တာလီဘန်တို့က သြဂုတ်လလယ်ပိုင်းတွင် အာဖဂန်ကို ထိန်းချုပ်မှု မတိုင်မီ ယင်းကျေးရွာလေးသည် နှစ်လကြာဝန်းရံ ပိတ်ဆို့ခံခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ရွာသားများက စက်တင်ဘာလ၌ ၎င်းတို့နေအိမ်များသို့ ပြန်လာချိန်တွင်  အပြန်အလှန်ပစ်ခတ်မှုများ၌ ပျက်စီးခဲ့သော ကျေးရွာစာသင်ကျောင်းလေးကို တွေ့မြင်ခဲ့ရသည်။

ဒါ့ပြင် သူတို့သည် စစ်ပွဲအတွင်း ၎င်းတို့ကျေးရွာလေးသည် မိုင်းအတိထောင်ထားသည့် နေရာဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု အာဖဂန်နစ္စတန်ရှိ အဓိက မိုင်းရှင်းလင်းရေး NGO အဖွဲ့ဖြစ်သည့် HALO Trust မှ ဒေသခံညှိနှိုင်းရေးမှူး ဂျူးမားခန်းက ပြောကြားခဲ့သည်။

အသစ်ထောင်ထားသည့် မိုင်းများနှင့်အခြားထောင်ချောက်များကို အဆောက်အဦး၏တံခါးများ အောက်နှင့် ပြတင်းတံခါးများ၏ဘေးတွင် ထောင်ထားသည်။

၁၉၈၈ ခုနှစ်ကတည်းက အာဖဂန်အရပ်သား ၄၁,၀၀၀ ခန့်သည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော ဖောက်ခွဲရေးပစ္စည်းလက်ကျန်များကြောင့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြသည်ဟု ကုလသမဂ္ဂမိုင်း လှုပ်ရှားမှုအဖွဲ့ (UNMAS) က ထုတ်ပြန်ခဲ့သည်။

မိုင်းထိမှန်သူများ၏ သုံးပုံနှစ်ပုံကျော်မှာ ကလေးများဖြစ်ပြီး အများစုမှာ ဆော့ကစားနေစဉ် ထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့ကြသည်။

HALO (Hazardous Area Life – Support Organization) အဖွဲ့အစည်းသည် နိုင်ငံကို ဆိုဗီယက်တို့ တိုက်ခိုက်သိမ်းပိုက်ချိန်အတွင်း ကျန်ရှိခဲ့သည့် ဖောက်ခွဲရေးပစ္စည်း လက်ကျန်များကို ရှာဖွေပယ်ဖျက်ရန် ၁၉၈၈ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့သည်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ချက်နိုင်ငံတကာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး အာဖဂန်နစ္စတန်က ယင်းအဖွဲ့အစည်းတွင် ၂၀၀၂ ခုနှစ်က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့်တိုင် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်သားများသည် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်သွားခြင်းမရှိကြပေ။

နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီးနောက် တာလီဘန်တို့ အာဏာရရှိရေး စစ်ပွဲအတွင်းမိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုတစ်ဖန် အသုံးပြုလာခဲ့ကြသည်။

HALO အဖွဲ့သည် ၎င်းတို့၏ အာဖဂန်ဝန်ထမ်း ၂,၅၀၀ ကျော်နှင့် အလုပ်များကို ပြန်လည်လုပ်ကိုင်နိုင်ရန် တာလီဘန်အာဏာပိုင်များနှင့် စက်တင်ဘာလက သဘောတူညီချက် ရယူခဲ့သည်။

နက်အီးအလီရွာတွင် လက်ရှိအချိန်၌ တာလီဘန်တိုက်ခိုက်ရေးသမားများသည် သူတို့ကိုယ်တိုင် ထောင်ထားသည့် သေစေနိုင်သော ထောင်ချောက်များကို ရှာဖွေရန် HALO အဖွဲ့သားများကို ညွှန်ကြားပြသပေးနေသည်။

“ဘာလို့လဲဆိုတော့ သူတို့တွေ (တာလီဘန်) က ဒီရွာမှာနေထိုင်ခဲ့ပြီး အရပ်သားသေဆုံးမှုတွေအတွက် အပြစ်တင်မခံချင်ကြလို့ဖြစ်ပါတယ်” ဟု ခန်းကဆိုသည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်တိုင် ပေါက်ကွဲမှုများကြောင့် ရွာသားများ အသေအပျောက်ဖြစ်နေများ ရှိနေသေးသည်။လွန်ခဲ့သည့်နှစ်လက ကျောင်းဆရာတစ်ဦး၏ ဇနီးဖြစ်သူသည် ၎င်းနေအိမ်၏ တံခါးကိုဖွင့်ချိန်တွင်  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်ကတည်းက ကျေးရွာနှင့်၎င်း၏ စာသင်ကျောင်းတွင် မိုင်းဇုန်များကို သတ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

HALO အတွက် စစ်ပြီးခေတ် အာဖဂန်နစ္စတန်တွင် ကမ္ဘာပေါ်တွင် မိုင်းထောင်မှု အများဆုံးနိုင်ငံများမှ တစ်ခုဖြစ်သော ယင်းမြေမြှုပ်မိုင်းများကို ဖယ်ရှားမှုသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေပေသည်။

“အဖြူကျောက်တုံးတွေရှိတဲ့ နေရာကိုသွားလာနိုင်ပြီး အနီကျောက် တုံးတွေနေရာကိုတော့မသွားကြဖို့ ကျွန်တော့်မိသားစု၊ညီအကိုတွေနဲ့ ခင်မင်တဲ့လူတွေအားလုံးကို မှာထားရပါတယ်” ဟု HALO စီမံကိန်း မန်နေဂျာ နာဇီဖူလာက ပြောကြားခဲ့သည်။


READ NEXT
Cancel OK