Top News

ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံ အမျိုးသမီးသုံးဦးကို ဆားလင်းကြီးမြို့နယ်တရားရုံးက ငွေဒဏ် ကျပ်ငါးသောင်းစီ အမိန့်ချမှတ်
24htopnews | September 13, 2024 3:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံ အမျိုးသမီးသုံးဦးကို ပုဒ်မ ၃၄၁ အရ ဆားလင်းကြီးမြို့နယ်တရားရုံးက ငွေဒဏ် ကျပ်ငါးသောင်းစီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် မတ်လ ၂၉ ရက်က မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုနှင့်ပက်သက်၍ ဖေဖော်ဝါရီ ၂၇ ရက် နေ့လည်ပိုင်းက အဆိုပါတရားရုံးကနေ ဒေသခံအမျိုးသမီးသုံးဦးကို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့မှာ အပြစ်လုံးဝမရှိပဲနဲ့ ကျွန်မတို့ သက်သက်ကို ဒဏ်ငွေဆောင်ခဲ့ရတာ။ လက်တွေ့မှာ ကျွန်မတို့ ကျူးလွန်ခဲ့ခြင်းမရှိဘူး။ ရဲတပ်ဖွဲ့ဝင်တွေကို ကျွန်မတို့က မေးတယ်။ ခင်များတို့ ဘာလုပ်လာတာလဲ။ ရွာထဲဝင်ချင်ရင် ရွာအဝင်အမိန့် ပြဆိုတော့လည်း ဘာတစ်ခုမှမပြဘူး။ နိုင်ငံ့တာဝန် လာထမ်းပါတယ်ဆိုတဲ့ လူတွေက ကျွန်မတို့ ကျူးလွန်ခဲ့တဲ့ ပုံစံမျိုး လုပ်တာကတော့ မကျေနပ်ဘူး။ ကျွန်မတို့ကို တရားရုံးကနေ ဒဏ်ငွေ ငါးသောင်း စီချတယ်” ဟု ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းမှ ဒေါ်သွဲ့သွဲ့ဝင်းက ဆိုသည်။

ထို့ပြင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော အမျိုးသမီးရဲမေ ရဲတပ်သား ငြိမ်းငြိမ်းအေးအား ခြေထောက်ဖြင့် ဒေသခံများက ကန်ခဲ့သည့်အတွက် ငြိမ်းငြိမ်းအေးမှာ လဲကျသွားပြီး ယာခြေချင်းဝတ် ဖူးရောင်ညိုမည်းဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ညောင်ပင်ကြီးရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်းနိုင်ထွန်းမှ မတရားတားဆီးဟန့်တား၍ တာဝန်ဝတ္တရားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့်အတွက် ယင်းသုံးဦးအား အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ ယခင်ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ်ဝင်းနိုင်ထွန်း၏ တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် မသွဲ့သွဲ့ဝင်း၊ မစန်းလှ၊ မဖြူဖြူဝင်းတို့ သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၃၃/ ၃၄၁ အရ အမှုဖွင့် အရေးယူထားခဲ့ကြောင်း ယခင်ရဲမှတ်တမ်းများအရ ဆက်လက်သိရသည်။

၂၀၁၈ ခုနှစ် မတ် ၃၁ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် တိုင်းအစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံများကို တရားစွဲဆိုထားသည့် ဥပဒေ ပုဒ်မ ၃၃၃ နှင့်ပတ်သက်၍ သတင်းထောက်များက ဝေဖန်ထောက်ပြခဲ့သည့်အတွက်ကြောင့် ပုဒ်မ ၃၃၃အစား ပုဒ်မ ၃၃၂ ကို အစားထိုးပြောင်းလဲကာ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး မြေယာသိမ်းဆည်းခံ ဝက်မှေးရွာဟောင်းမှ ဒေသခံအမျိုးသမီးသုံးဦးကို ပုဒ်မ ၃၃၂ နှင့် ပုဒ်မ ၃၄၁ တို့ဖြင့် ဆားလင်းကြီးမြို့နယ်တရားရုံး၌ အဆိုပါပုဒ်မ နှစ်ခုနှင့်အတူ ယနေ့အမိန့်မချမှတ်ခင်အထိ တရားရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ပုဒ်မ  ၃၃၂ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပြုလုပ်ခဲ့သောသူ့ကို ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း တရားစွဲဆိုခံ ဒေသခံ အမျိုးသမီးသုံးဦးသည် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ နာကျင်အောင် မပြုလုပ်ခဲ့သည့်အတွက် အဆိုပါပုဒ်မအရ ပြစ်မှုမရှိခဲ့ကြောင်း သိရသည်။

ပုဒ်မ (၃၄၁) ဆိုသည်မှာ မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရားတား ဆီးကန့်ကွက်လျှင် ထိုသူကို တလအထိ အလုပ်မဲ့ထောင်ဒဏ်ပြစ်စေ၊ ငါးရာအထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် တရားစွဲဆိုခံ ဒေသခံ အမျိုးသမီးသုံးဦးသည် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်းများက ရွာအတွင်း ဝင်ရောက်ရန် ကြိုးစားနေချိန် တားဆီးခဲ့သည့်အတွက် ပြစ်မှုမြောက်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသမီးသုံးဦးကို ဆားလင်းကြီးမြို့နယ်တရားရုံးက တစ်ယောက်လျှင် ဒဏ်ငွေကျပ်ငါးသောင်းစီဖြင့် ယနေ့အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။               

 


READ NEXT
Cancel OK