Top News

အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် နိုက်ဂျာနိုင်ငံအတွင်းမှ ပြင်သစ်စစ်သားများ စတင်ထွက်ခွာ
24htopnews | September 13, 2024 9:12 AM CST

နိုက်ဂျာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နှစ်လကျော်အကြာတွင် နိုက်ဂျာတွင် တပ်စွဲထားသည့် ပြင်သစ်စစ်သားများသည် နိုင်ငံအတွင်းမှ စတင်ထွက်ခွာနေကြောင်း ပြင်သစ်စစ်တပ်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် နီယာမေမြို့တော်မှ လေယာဉ်နှစ်စင်းဖြင့် ပြင်သစ်တပ်ဖွဲ့ဝင် ၁၀၀ ကျော် ထွက်ခွာသွားခဲ့ပြီး စစ်သားများကို အသုတ်လိုက်ခွဲပြီး ရုပ်သိမ်းမည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ရုပ် သိမ်းမည်ဖြစ်ကြောင်း ပြင်သစ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပီယာရီ ဂူဒီ လီယာရီက ပြောကြားခဲ့သည်။ ပြင်သစ်စစ်သားအားလုံးသည် ပြင်သစ်သို့ ပြန်လည် ရောက်ရှိမည်ဟုလည်း ၎င်းက ဆိုသည်။

နိုက်ဂျာ နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြထားသည့် ဓာတ်ပုံများတွင် နိုင်ငံမြောက်ပိုင်းရှိ အူဝါအလမ်စစ်စခန်းမှ ထွက်ခွာသွားသည့် မော်တော်ယာဉ်တန်းများကို ဖော်ပြခဲ့ပြီး ထိုယာဉ်တန်းသည် အိမ်နီးချင်း ချဒ်နိုင်ငံသို့ ဦးတည် သွားရောက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

နိုက်ဂျာတွင် ဇူလိုင်လကုန်ပိုင်းက သမ္မတ မိုဟာမက် ဘာဇွမ်းကို ဖယ်ရှားခဲ့သည့် အာဏာသိမ်းမှု၏ ရလဒ်အဖြစ် ပြင်သစ်သည် နိုက်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး နိုက်ဂျာတွင် တပ်စွဲထားသည့် စစ်သားများကို ပြန်လည်ရုပ်သိမ်းမည်ဟု ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ တပ်များ ရုပ်သိမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခင်က နိုက်ဂျာတွင် ပြင်သစ်စစ်သား ၁၅၀၀ ခန့် ဖြန့်ကြက်ထားပြီး ပြင်သစ်စစ်သားများသည် နိုက်ဂျာစစ်တပ်ကို စစ်သင်တန်းများ သင်ကြားပြသခဲ့ပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်မှာပင် နိုက်ဂျာစစ်အစိုးရက ကုလသမဂ္ဂကိုယ်စားလှယ် လူးဝီအူဘင်ကို ၇၂ နာရီအတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း နိုက်ဂျာ နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ် ပြန်ခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ပြုလုပ်သည့် အထွေထွေညီလာခံတွင် နိုက်ဂျာကို အပြည့်အဝပါဝင်ခွင့်မရှိစေရန် ဟန့်တားခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီအစဉ်များသည် ယခုကဲ့သို့ လုပ်ဆောင်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုက်ဂျာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ နိုက်ဂျာသံအမတ်ဟောင်းဖြစ်သူ ဘာကရီယာအူဆန်ဂါရီကို မိန့်ခွန်းပြောကြားစေရန် နိုက်ဂျာစစ်အစိုးရက အလိုရှိခဲ့သည်။

သို့သော် ယခင် နိုက်ဂျာအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးက မစ္စတာဘာကာရီ၏ ကုလသမဂ္ဂဆိုင်ရာ နိုက်ဂျာအမြဲတမ်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်မှုကို အဆုံးသတ်ကြောင်း ရေးသားထားသည့် စာတစ် စောင်ကိုကုလသမဂ္ဂသို့ ပေးပို့ခဲ့ပြီးနောက် ဘာကာရီသည် အထွေထွေညီလာခံသို့ တက်ရောက်ရန် သင့်တော်သည့် အရည်အချင်းရှိသူအဖြစ် ထောက်ခံမှုများမရခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်နီဒူဂျာရစ်က ပြောကြားခဲ့သည်။

ဒူဂျာရစ်ကမူ နိုက်ဂျာစစ်ခေါင်းဆောင်များက ကုလကိုယ်စားလှယ် အူဘင်အား နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ထုတ်ပြန်မှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေသည့် နိုက်ဂျီးရီးယားပြည်သူ လေးသန်းကျော်အတွက် ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှုများ ကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

Ref: AFP


READ NEXT
Cancel OK