Top News

PSG နှင့် လစာကြွေးကျန်ကိစ္စ အငြင်းပွားမှုအတွက် ဖျန်ဖြေရန် ကမ်းလှမ်းမှုကို အမ်ဘာပေ လက်မခံ
24htopnews | September 13, 2024 1:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေသည် အသင်းဟောင်းဖြစ်သည့် PSG နှင့် လစာကြွေးကျန်ကိစ္စအငြင်းပွားမှုအတွက် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

အမ်ဘာပေ (၂၅ နှစ်) သည် အသင်းဟောင်းထံမှ ယူရို ၅၅ သန်း (ဒေါ်လာသန်း ၆၀) မရသေးသဖြင့် ယင်းကိစ္စကို ကြားဝင်ဖြေရှင်းပေးရန် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာကော်မရှင်ထံ တောင်းဆိုခဲ့သည်။

စက်တင်ဘာ ၁၁ ရက်က ပါရီမြို့၌ အမ်ဘာပေ၏ ကိုယ်စားလှယ်အဖွဲ့နှင့် PSG အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် ကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို ကစားသမားဘက်မှ လက်မခံဘဲ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ နှစ်ဖက်အကြား ပြေလည်မှုမရသေးဘဲ တရားရုံး၌ ဖြေရှင်းရဖွယ်ရှိနေသည်။

PSG အသင်းကမူ ၂၀၂၃-၂၀၂၄ ရာသီ  မစတင်မီ အမ်ဘာပေနှင့် သဘောတူညီမှုအရ ၎င်းအား ကြွေးကျန်ပေးရန်မရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ နွေရာသီတွင် အမ်ဘာပေက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ပြီးနောက် PSG အသင်းက ၎င်းအား လူစာရင်းမှ ချန်လှပ်ထားစဉ် ပြန်လည်ကစားခွင့်ရရန် အပိုဆုကြေးခံစားခွင့်များမယူဘဲ လက်လျှော့မည့် သဘောတူညီမှုပါဝင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အမ်ဘာပေသည် PSG အသင်း၌ ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၀၈ ပွဲကစား၊ ၂၅၆ ဂိုးသွင်းယူကာ အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။


READ NEXT
Cancel OK