Top News

တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်များက သမိုင်းဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်
24htopnews | September 13, 2024 1:12 AM CST

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ပြုလုပ်သည့် ကွန်မြူနစ်ပါတီ၏ အဓိက အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များက တရုတ်သမ္မတ ရှီကျင်းပင်၏ အာဏာကို ပိုမိုခိုင်မာစေလိမ့်မည်ဟု မျှော်လင့်ရသည့် နိုင်ငံ၏ အတိတ်ကာလနှင့် ပတ်သက်ပြီး အရေးကြီးသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်သည့် တရုတ်တွင် ပြိုင်ဘက်မရှိသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှီသည်  ပေကျင်းမြို့တော်တွင် နိုဝင်ဘာ ၈ ရက်ကတည်းက အာဏာရပါတီ၏ ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့သည်။

အာဏာရပါတီ၏ သြဇာကြီးမားသည့် ဗဟိုကော်မတီမှ အဖွဲ့ဝင် ၃၅၀ ခန့်သည် ပါတီ၏ နှစ် ၁၀၀ တိုင် ရုန်းကန်ခဲ့ရသည့် သမိုင်းဝင် အတွေ့အကြုံများနှင့် အဓိက အောင်မြင်မှုများနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၁၀၀ အတွင်း တတိယအကြိမ်မြောက် ကြေညာချက်ထုတ်ပြန်မှု ဖြစ်ခဲ့သည်။

ယခင် ကြေညာချက်နှစ်စောင်ကို ခေါင်းဆောင်ဟောင်းများဖြစ်သည့် မော်စီတုန်း လက်ထက် ၁၉၄၅ ခုနှစ်နှင့် တိန့်ရှောင်ဖိန် လက်ထက် ၁၉၈၁ ခုနှစ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလွန်ရှည်လျားသည့် ယင်းကြေညာချက်ထဲတွင် ပါတီသမိုင်းတွင် မှန်ကန်သည့်အမြင်ကို ထိန်းသိမ်းရန် တိုက်တွန်းထားသည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး နှစ်ပေါင်းထောင်ချီကြာမြင့်စွာ တည်ရှိခဲ့သည့် တရုတ်နိုင်ငံ၏ သမိုင်းတွင် မော်ကွန်းတင်နိုင်သည့် အခမ်းနားဆုံးဖြစ်ရပ်များကို ရေးသားခဲ့သည်ဟု ဆိုသည်။

သမ္မတရှီကျင်းပင်၏ ဆိုရှယ်လစ်ခေတ်သစ်ကို  တရုတ်၏ထူးခြားသော လက္ခဏာများနှင့်အတူ အပြည့်အဝဖော်ဆောင်ရန် ပါတီတစ်ခုလုံး၊ စစ်တပ်တစ်တပ်လုံးနှင့် လူမျိုးစုအားလုံးတို့အနေဖြင့် ရှီကျင်းပင်အား ဗဟိုထားပြီး ပါတီဗဟိုကော်မတီအား စည်းလုံးစွာ ဝန်းရံကြရန် ပါတီ ဗဟိုကော်မတီက တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုနှစ်၏ တံခါးပိတ်ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် လာမည့်ဆောင်းဦးရာသီတွင် ကျင်းပမည့် အကြိမ် ၂၀ မြောက် ပါတီညီလာခံအတွက် လမ်းခင်းပေးရာရောက်ပြီး ယင်းညီလာခံတွင် ရှီသည် သမ္မတအဖြစ် တတိယသက်တမ်းကို ထပ်မံရွေးချယ်ခံရဖွယ်ရှိနေသည်ဟု အများစုက မျှော်လင့်ခဲ့ကြကာ ရှီ၏ အနေအထားသည် တရုတ်တွင် မော်စီတုန်းပြီးလျင် အင်အားအကြီးဆုံး ခေါင်းဆောင်အဖြစ် မှတ်ယူခံထားရသည်။

ယခုထုတ်ပြန်သည့် ကြေညာချက်သည် ရှီအား တရုတ်နိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ သဘောထားကို ပြောင်းလဲရန် မဖြစ်နိုင်မှုနှင့် ယခင်ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို မှေးမှိန်စေရန်ပြုလုပ်နေခြင်းဖြင့် ၎င်း၏ အာဏာကိုင်စွဲမှုကို ပိုမိုတည်တံ့စေရန်လုပ်ဆောင်ရာတွင် အထောက်အကူရစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဟောင်ကောင်ရှိ Baptist တက္ကသိုလ်မှ  နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်သူ ယန်း ပီယာရီ ကာဘက်စတန်က ကွန်မြူနစ်ပါတီသည် ရှီကျင်းပင်နှင့်အတူ အနာဂတ်ကို ပုံဖော်ရာတွင် အတိတ်ကို ပြန်လည်ပြုပြင် ရေးသားနေသည်ဟု ပြောကြားခဲ့သည်။  


READ NEXT
Cancel OK