Top News

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တင်းကျပ်နေသည့် ဟောင်ကောင်တွင် သြစတြေးလျ ဂျာနယ်လစ်တစ်ဦး ဗီဇာငြင်းပယ်ခံရ
24htopnews | September 13, 2024 1:12 AM CST

ဟောင်ကောင်တွင် အာဏာပိုင်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အစိုးရနှင့် သဘောထားကွဲလွဲသူများကို ထိရောက်စွာ နှိမ်နင်းမှုကို တင်းကျပ်နေချိန်တွင် The Economist သတင်းစာမှ သြစတြေးလျ သတင်းထောက်တစ်ဦး၏ ဗီဇာသက်တမ်းတိုးမှုကို ဟောင်ကောင်က ငြင်းပယ်ခဲ့သည်ဟု ယင်းသတင်းစာ၏ အယ်ဒီတာချုပ်က ပြောကြားခဲ့သည်။

ဆူလင်းဝေါင်သည် မကြာသေးမီနှစ်များအတွင်း ဟောင်ကောင်တွင် အလုပ်လုပ်နေပြီး မိမိသဘောဆန္ဒမပါဘဲ ဟောင်ကောင်မှ ထွက်ခွာရမည့် တတိယမြောက် ပြည်ပဂျာနယ်လစ်ဖြစ်လာခဲ့သည်။

ယခင်က သတင်းလွတ်လပ်ခွင့်ရှိခဲ့သည့် ဟောင်ကောင်သည် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီလိုလားသည့် ကြီးမားသည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်က တရုတ်အစိုးရသည် ဟောင်ကောင်တွင် တင်းကျပ်သည့် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့မှုနှင့်အတူ ဟောင်ကောင်ကို ၎င်းအလိုကျ ပုံသွင်းခဲ့သဖြင့် ဟောင်ကောင်၏ သတင်းလွတ်လပ်ခွင့်မှာ ပျက်စီးခဲ့သည်။ လက်ရှိတွင် ဝေါင်သည် ဟောင်ကောင်တွင်ရှိမနေဘဲ အလုပ်လုပ်ရန် ဟောင်ကောင်သို့ ပြန်လည်ဝင်ရောက်ခွင့်မှာ ငြင်းပယ်ခံခဲ့ရသည်ဟု လန်ဒန်အခြေစိုက် အပတ်စဉ်ထုတ် The Economist သတင်းစာ၏ အယ်ဒီတာချုပ် ဇန်နီ မင်တန် ဘက်ဒို့စ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

တစ်စုံတစ်ရာ ဖြေရှင်းချက်မပေးခဲ့သည့် ဟောင်ကောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို မိမိတို့အနေဖြင့် ဝမ်းနည်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ဟောင်ကောင်ဟာ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသအဖြစ် ရပ်တည်ရာမှာ မရှိမဖြစ် အရေးကြီးတဲ့ ပြည်ပဂျာနယ်လစ်တွေကို ဝင်ခွင့်ပေးမှုကို ဆက်လက်ထိန်းသိမ်းပေးဖို့ ဟောင်ကောင်အစိုးရကို ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု ဇန်နီက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဟောင်ကောင်၏ ဒီမိုကရေစီ ဆန္ဒပြသူများကို ထောက်ခံမှုနှင့် ကုန်သွယ်ရေးများအပါအဝင် အခြားအရေးကိစ္စများနှင့်ပတ်သက်ပြီး တရုတ်သည် ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

ဗြိတိန်နှင့် သြစတြေးလျအစိုးရများက ဟောင်ကောင်မှထွက်ခွာလိုသည့် ဒေသခံများအတွက် ၎င်းတို့ နိုင်ငံများတွင် နေထိုင်ခွင့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးခဲ့ပြီး တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။

Financial Times သတင်းစာ၏ အာရှသတင်းအယ်ဒီတာ ဗစ်တာ မောလက်သည်လည်း ဟောင်ကောင်တွင် အလုပ်လုပ်ရန် ၂၀၁၈ ခုနှစ်တွင် ဗီဇာသက်တိုးခဲ့ရာ၌ ငြင်းပယ်ခံခဲ့ရပြီးနောက် ဟောင်ကောင်ကို ဝင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။

New York Times သတင်းစာမှ သတင်းထောက် ခရစ်ဘက်ကလေသည်လည်း တရုတ်ပြည်မကြီးက နှင်ထုတ်ခံခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်သို့ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

ဟောင်ကောင်တွင် မီဒီယာအများအပြားကို ဗီဇာခွင့်ပြုချက်ပေးရာတွင် ပုံမှန်မဟုတ်သည့် နှောင့်နှေးကြန့်ကြာမှုများရှိနေသည်ဟု ပြီးခဲ့သည့်နှစ်က ဟောင်ကောင်၏ ပြည်ပသတင်းထောက်များကလပ်က သတင်းထုတ်ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် တရုတ်ပြည်မကြီးတွင်လည်း ပြည်ပဂျာနယ်လစ်များသည် ဗီဇာလျှောက်ထားရာတွင် အသေးစိတ်အချက်အလက်များတင်ပြရန်လိုအပ်ပြီး ဟောင်ကောင်တွင်မူ သတင်းထောက်များအနေဖြင့် ပုံမှန် စီးပွားရေးဗီဇာသာ လျှောက်ထားရန် လိုအပ်သည်။


READ NEXT
Cancel OK