Top News

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာ ပြည်နယ်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ
24htopnews | September 13, 2024 1:12 AM CST

အာဖဂန်နစ္စတန် အရှေ့ပိုင်း၊ နန်ဂါဟာ ပြည်နယ်ရှိ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူသုံးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ပြည်နယ်သည် အိုင်အက်စ်အုပ်စုက အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် နယ်မြေလည်းဖြစ်သည်။

ပြည်နယ်မြို့တော် ဂျာလာလာဘတ်၏ အပြင်ဘက်၊ တောင်ထူထပ်သော စပင်ဂါ ဒေသရှိ ထရာအီလီမြို့က ၎င်းဗလီထဲတွင် ဗုံးထောင်ထားခဲ့ခြင်း ဖြစ်ပုံရသည်ဟု နန်ဂါဟာ ပြည်နယ်အစိုးရ ပြောခွင့်ရ ကာရီ ဟာ နစ်ဖ်က ပြောကြားသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများနှင့် ဒေသခံတစ်ဦးက ရိုက်ယူထားသည့် ဓာတ်ပုံများတွင် ရုပ်အလောင်း သုံးလောင်းကို မြင်တွေ့ရပြီး ဗလီ၏ အတွင်းပိုင်းတွင်လည်း မှန်ကွဲစများ၊ အုတ်ကျိုးအုတ်ပဲ့များ ပြန့်ကျဲနေပုံကို မြင်တွေ့ရသည်။

အဆိုပါဖြစ်စဉ်သည် အာဖဂန်နစ္စတန်တွင် သီတင်းပတ် ငါးပတ်အတွင်း တတိယမြောက် ဗလီဗုံးဖောက်ခွဲမှုဖြစ်သည်။ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများသည်လည်း ပြီးခဲ့သည့်လက သောကြာနေ့ ဝတ်ပြုဆုတောင်းချိန်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ်တွင် ကန်ဒုဇ်ပြည်နယ်ရှိ ဗလီတစ်ခုတွင် လူနည်းစု ရှီးအိုက် မွတ်စလင် ဘာသာဝင်များ ဝတ်ပြုဆုတောင်း နေစဉ် အိုင်အက်စ် အသေခံဖောက်ခွဲရေးသမားများနှင့် သေနတ်သမားများက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်တွင်မူ နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့ရှိ ဗလီတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လတ်တလော ဗုံးဖောက်ခွဲမှုသည် အိုင်အက်စ်အုပ်စုနှင့် တာလီဘန်တို့အကြား အဓိက အားပြိုင်ရာ နေရာဖြစ်သော ပြည်နယ်တစ်ခုမှ ဆွန်နီမွတ်စလင်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အိုင်အက်စ် စစ်သွေးကြွများသည် နန်ဂါဟာ ပြည်နယ်တွင် တာလီဘန် တိုက်ခိုက်ရေးသမားကို နေ့စဉ်နီးပါး ပစ်ခတ်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် သုံးလက အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာပြီး နောက်ပိုင်း ၎င်းတို့အပေါ် ဆန့်ကျင်ပုန်ကန်မှုများကို တန်ပြန်နှိမ်နှင်းမှုများ လုပ်ဆောင်ခဲ့ပြီး အိုင်အက်စ်အုပ်စု၏ ခြိမ်းခြောက်မှုကိုလည်း ချေမှုန်းသွားမည်ဟု ကတိပြုခဲ့သည်။ ရန်ဘက်များဖြစ်သော အိုင်အက်စ်နှင့် တာလီဘန်အုပ်စုတို့သည် သဘောထားတင်းမာသော အယူအဆများကို ဆုပ်ကိုင်ထားကြပြီး အသေခံ ဗုံးဖောက်ခွဲခြင်းကဲ့သို့ တညီသော အကြမ်းဖက် နည်းလမ်းများကို အသုံးပြုခဲ့သည်။

တာလီဘန် ထောက်လှမ်းရေးအဖွဲ့၏ ပြောခွင့်ရတစ်ဦးက ၎င်းတို့အနေဖြင့် အဓိက ပုဂ္ဂိုလ်များနှင့် ငွေကြေးထောက်ပံ့သူများ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင် ၆၀၀ နီးပါးကို ဖမ်းမိထားကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ တာလီဘန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများအတွင်း အိုင်အက်စ်အဖွဲ့ဝင် ၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း ပြောခွင့်ရ ခါလီ ဟမ်ရက်ဇ်က ဆိုသည်။

လတ်တလော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ထုတ်ဖော်ဝန်ခံခြင်း မရှိသေးသော်လည်း ယင်းသည် တာလီဘန် အစိုးရသစ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာထဲမှ တစ်ခုဖြစ်ကြောင်းကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းဖြစ်သည်။ ကုလသမဂ္ဂကလည်း အာဖဂန်နစ္စတန်သည် ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားမှု အအကျပ်အတည်း ကျရောက်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတိပေးပြောကြားခဲ့သည်။


READ NEXT
Cancel OK