Top News

အစ္စရေးတွင် ပြည်သူများ အမှိုက်ကောက်စေရန် ရည်ရွယ်ချက်ဖြင့် ဆုကြေးချီးမြှင့်သည့် Application ဖြင့် လုပ်ဆောင်
24htopnews | September 13, 2024 1:12 AM CST

အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ မြို့လေးတစ်မြို့တွင် အဲလစ်ရှ်ရာ ဘန်မီယာအမည်ရှိမိန်းကလေးသည် ၎င်း၏ခွေးလေးနှင့်အတူ လမ်းလျှောက်ရင်း အမှိုက်မှ ကုန်ပစ္စည်းအဖြစ်ပြောင်းလဲနိုင်သည့် Application အသစ်မှတစ်ဆင့် အစီရင်ခံလျက် အမှိုက်သရိုက်များကို ကောက်ယူနေသည်။

မီယာသည် အမှိုက်အိတ်တစ်ခုစီအတွက် Clean Coins ၁၀ ခုကို ရရှိပြီး Clean Coins မှာ ယင်း Application မှစီစဉ်ထားသည့် ဆုကြေးငွေအမျိုးအစားဖြစ်ပြီး ယင်း Application တွင်ပါဝင်သည့် စီးပွားရေးလုပ်ငန်းများမှ ကုန်ပစ္စည်းများကို ထို Clean Coins များဖြင့် လဲလှယ်ယူနိုင်သည်။

ယင်းစိမ်းလန်းစိုပြေရေးအစီအစဉ်မှာ ကမ္ဘာတစ်ဝန်းတွင်လူဦးရေ အချိုးနှင့် နှိုင်းယှဉ်ကြည့်လျင် အမှိုက်ထွက်ရှိမှုအများဆုံးအဖြစ် ဦးဆောင်နေသည့် အစ္စရေး၌ပြည်သူများအား အမှိုက်ကောက်ရန်အတွက် တွန်းအားပေးမှုတစ်ခုအဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

“ ကျွန်မအိမ်ကနေအထွက်မှာ နေရာတိုင်းလိုလို အမှိုက်တွေကိုတွေ့ပါတယ်။ လူတွေက စားသောက်ကြပြီး အမှိုက်တွေကို စည်းကမ်းမဲ့ပစ်ထားတာ စိတ်ပျက်စရာပါပဲ” ဟု အသက် ၁၈ နှစ်အရွယ် မီယာက ပြောကြားခဲ့သည်။

မီယာသည် ၎င်းကောက်ယူထားသည့် အမှိုက်အိတ်များကို လွှင့်မပစ်မီဓာတ်ပုံများရိုက်၍ ယင်း Application တွင် မှတ်တမ်းပြုလုပ်ခဲ့ရာ Clean Coins ၃၀ ဝန်းကျင်ကိုရရှိခဲ့သည်။

“ ဒီ Application မှာ စာရင်းသွင်းတဲ့ အသုံးပြုသူ ၁၆,၀၀၀ ကျော် ရှိပြီး အပတ်စဉ်တိုင်း တက်ကြွစွာ လုပ်ဆောင်သူ ၁,၂၀၀ ခန့် ရှိပါတယ်။ အသုံးပြုသူတွေ တင်ထားတဲ့ဓာတ်ပုံတွေအရ အမှိုက်တွေ တည်ရှိတဲ့နေရာတွေကို တွေ့မြင်နိုင်ပါတယ်” ဟု Clean Coins ၏ CEO ဖြစ်သည့်အပြင် တွဲဖက်တည်ထောင်သူတစ်ဦး ဖြစ်သည့် အသက် ၃၅ နှစ်အရွယ် အဒမ်ရန်က မြောက်ပိုင်း ဟိုင်ဖာမြို့ရှိ ၎င်း၏ရုံးတွင် Application ကို ပြသလျက် ပြောကြားခဲ့သည်။

ယင်း Application ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာ ဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ဂယ်လာဟတ်က သူသည် ယင်း Application ကို ပျော်ရွှင်ဖွယ်ပုံစံ ဖြစ်စေရန် ရေးဆွဲထားပြီး အသုံးပြုသူများအနေဖြင့် အမှတ်များကိုရရှိမည့်အပြင် မတူညီသည့်အဆင့်များလည်း ရရှိလိမ့်မည်ဟုဆိုသည်။

‘ သင်တို့အနေနဲ့ အခြားအသုံးပြုသူတွေနဲ့ နှိုင်းယှဉ်ပြီး မိမိရဲ့တိုးတက်နှုန်းကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆုကြေးကလည်းလူတွေကို အပြင်ထွက်ပြီး အမှိုက်ကောက်စေဖို့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ ဒီ Application လေးဟာ သဘာဝကို အကျိုးရှိစေသလို ကျွန်မကိုလည်း စိတ်အားထက်သန်မှု ဖြစ်စေပါတယ်” ဟု Clean Coins များဖြင့် T-Shirt တစ်ထည်လဲလှယ်ခဲ့သည့် မီယာက ပြောကြားခဲ့သည်။

Clean Coin မှာ ကမ္ဘာတစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် Bitcoin ကဲ့သို့ အင်တာနက်ငွေကြေးမျိုးမဟုတ်ဘဲ အမှိုက်ကောက်မှုအတွက် ဆုကြေးလက်မှတ်အမျိုးအစားတစ်ခုသာ ဖြစ်သည်။

၎င်းတို့ကွန်ရက်ကို ပူးပေါင်းပါဝင်သည့် အမှတ်တံဆိပ် ၂၅ ခုကျော် ရှိပြီး အသုံးပြုသူများအနေဖြင့် ၎င်းတို့ ရရှိထားသည့် Clean Coin များကို အဝတ်အစားများ၊ အဆောက်အဦးအတွင်း တောင်တက်လေ့ကျင့်ခန်းနှင့် ဟိုတယ်တွင် အပန်းဖြေနေထိုင်နိုင်ခြင်း အပါအဝင် အခြားရွေးချယ်စရာ များစွာရှိသည်ဟု ရန်က ဆိုသည်။ စျေးဝယ်စင်တာအချို့လည်း ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေကြသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Adam Teva V’Din မှ စွန့်ပစ်အမှိုက်ကျွမ်းကျင်သူ အာမီယတ် လာပီဒေါ့က Clean Coin သည် နိုင်ငံအတွက်အလွန်ကောင်းမွန်သည့် အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတွင် နေ့အလိုက် လူတစ်ဦးချင်းစီမှ အမှိုက် ၁.၇ ကီလို ဂရမ်ထွက်ရှိပြီး ဥရောပနိုင်ငံများတွင် နေ့အလိုက် လူတစ်ဦးချင်းစီမှ အမှိုက် ၁.၄ ကီလိုဂရမ်နှင့်နှိုင်းယှဉ်ကြည့်လျင် ပိုမိုများပြားနေသည်ဟု ၎င်းက ဆိုသည်။

အစ္စရေးတွင် နှစ်စဉ်ပလတ်တစ်စ စွန့်ပစ်အညစ်ကြေးတစ်သန်း နီးပါးထွက်ရှိပြီး ယင်းသည် တစ်နိုင်ငံလုံး၏ စုစုပေါင်းထွက်ရှိသည့် အညစ်အကြေးများ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိသည်။ ဥရောပနိုင်ငံများတွင်မူ ၁၂ ရာခိုင်နှုန်းသာ ရှိသည်။

“Clean Coin ဟာ အစိုးရလုပ်ဆောင်ချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ချဲ့ထွင်ပေးတဲ့နေရာမှာ အကူအညီဖြစ်စေနိုင်ပါတယ်” ဟု လာပီဒေါ့က ပြောကြားခဲ့သည်။


READ NEXT
Cancel OK