Top News

ရွေးကောက်ပွဲနေ့ မဲရုံတွင်ထားရှိမည့် ဆန္ဒပြုတံဆိပ်တုံးလဲလှယ်မှုမရှိစေရန် တံဆိပ်တုံးလက်ကိုင်ကို ကြိုးချည်နှောင်ထားရန် ကော်မရှင်အဖွဲ့ခွဲများထံ UEC ညွှန်ကြား
24htopnews | September 8, 2024 6:12 PM CST

ရွေးကောက်ပွဲနေ့ မဲရုံအသီးသီးတွင် ထားရှိမည့် ဆန္ဒပြုတံဆိပ်တုံးကို ပုံစံတူတံဆိပ်တုံးနှင့် လဲလှယ်မှုမရှိစေရန် တံဆိပ်တုံးလက်ကိုင်ကို ကြိုးဖြင့်ချည်နှောင်ပြီး ဆန္ဒပြုခန်းစက္ကူ နံရံတွင် ယှဉ်တွဲချည်နှောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများထံ နိုဝင်ဘာ ၃ ရက်က ညွှန်ကြားခဲ့သည်။

UEC အမှတ်တံဆိပ်ပါ ဆန္ဒပြုအမှန် ခြစ်တံဆိပ်တုံးများကို ပုံစံတူအခြားတံဆိပ်တုံးဖြင့် လဲလှယ်အသုံးပြုမှုမရှိရန် အဆိုပါ တံဆိပ်တုံး၏လက်ကိုင်တွင် ကြိုးအသေးဖြင့် ခိုင်မာစွာချည်နှောင်၍ လျှို့ဝှက်ဆန္ဒပြုခန်း၏ ဘေးစက္ကူနံရံကို ဖောက်ပြီး ခိုင်မာစွာချည်နှောင်ထားရန်၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများက အချိန်ခွဲဝေသတ်မှတ်ပြီး အလှည့်ကျစစ်ဆေးသွားရန် ကော်မရှင်ညွှန်ကြားစာတွင် ဖော်ပြထားသည်။

“ တံဆိပ်တုံးကို ဆန္ဒမဲပေးရင်းနဲ့ အတုနဲ့ လဲသွားမှာစိုးလို့ ကျွန်တော်တို့ မဲရုံထဲက တံဆိပ်တုံးအမှန်ကို ကျွန်တော်တို့ဘာသာ ကြိုးချည်မယ်။ ဆန္ဒပြုခန်းမှာ ကလစ်နဲ့ ညှပ်ထားမယ်။ မဲရုံမှူးနဲ့ ဒုမဲရုံမှူးက ဆန္ဒပြုခန်းရှင်းတဲ့အချိန်မှာ မဲပေးသူမရှိတဲ့အချိန်မှာ Checking လုပ်မယ်ဆိုတဲ့ ညွှန်ကြားချက်ပါ” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဆိုသည်။

လက်ရှိ ကြိုတင်မဲပေးသည့်ဖြစ်စဉ်များတွင် တံဆိပ်တုံးအသုံးပြုသည့် ဖြစ်စဉ်အချို့ ပေါ်ပေါက်နေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းသို့ ညွှန်ကြားခြင်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိကြိုတင်ဆန္ဒမဲပေးသည့်ကာလတွင် လှည်းကူးမြို့နယ်၊ ပုသိမ်မြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ တံဆိပ်တုံးအတု အသုံးပြုသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ 

လှည်းကူးမြို့နယ် မြို့မရပ်ကွက် မဲရုံအမှတ် (၂) တွင် ဖြစ်ပွားခဲ့သည့် တံဆိပ်တုံးအတု အသုံးပြုသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်သည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တံဆိပ်တုံးလက်ကိုင်များတွင် ခိုင်မာစွာကြိုးချည်နှောင်ရန် ညွှန်ကြားချက်သည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့အတွက်သာဖြစ်ပြီး လက်ရှိကြိုတင်မဲပေးမှုများ နှင့်ပတ်သက်၍ သက်ဆိုင်ခြင်းမရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

 


READ NEXT
Cancel OK