Top News

ရွေးကောက်ပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဟုဆိုလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွေးကောက်ပွဲအကြိုလေ့ကျင့်မှုများကို မည်သည့်အတွက်ကြောင့် ဦးဆောင်ပါဝင်ခဲ့သနည်းဟု တပ်မတော်ဘက်က မေးခွန်းထုတ်
24htopnews | September 8, 2024 6:12 PM CST

ရွေးကောက်ပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဟုသာဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွေးကောက်ပွဲအကြိုလေ့ကျင့်မှုများကို မည်သည့်အတွက်ကြောင့် ဦးဆောင်ပါဝင်ခဲ့သနည်းဟု တပ်မတော်ဘက်က မေးခွန်းထုတ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ပြောကြားချက်များနှင့်ပတ်သက်သော သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိသည်ကို သတိပြုသင့်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သမ္မတရုံး၏ ရှင်းလင်းချက်ကို ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းချက်များအပေါ် စုစည်းဖြေကြားချက်ဟူသော သတင်းထုတြ်ပန်ချက်တစ်ရပ်ကို နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖော်ပြခဲ့ပြီး အဆိုပါဖော်ပြချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ပြောကြားချက်အပေါ် တပ်မတော်က အထက်ပါအတိုင်း မေးခွန်းထုတ်ရှင်းလင်းခြင်းဖြစ်သည်။

သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲပါ ပြောကြားချက်မှာ ဥပဒေပြဋ္ဌာန်းချက်ကို အကိုးအကားပြု၍ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မျက်ကွယ်ပြု ပြောဆိုခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က) အရ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတက ခန့်အပ်ခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်နိုင်ခြင်း စသည့်ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတအကြားတွင် အပြန်အလှန် ဆက်သွယ်မှု၊ အပြန်အလှန် ထိန်းကျောင်းမှုပြုသည့်သဘော သက်ရောက်ကြောင်း တပ်မတော်၏ စုစည်းဖြေကြားချက်တွင် ပါဝင်သည်။

နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်က နောက်ထပ် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအတွက် တာဝန်ယူ၍ ရွေးကောက်ပွဲကျင်းပပေးရခြင်း၊ နိုင်ငံတော်သမ္မတကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်နိုင်ခြင်းတို့သည် အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရားများဖြစ်ကြောင်း တပ်မတော်၏ စုစည်းဖြေကြားချက်တွင် ဖော်ပြထားသည်။

သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခေါ်ယူတွေ့ဆုံလမ်းညွှန်မှုပြုခြင်း ဆိုသည်ကပင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့၏ အပြန်အလှန် ဆက်နွှယ်မှု၊ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရားများကို ပြသရာရောက်သည့်အပြင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် မဖြစ်နိုင်သည့်အခြေအနေကို အချက်အလက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စား အစိုးရပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြနေခြင်းကပင် အစိုးရနှင့်ကော်မရှင်တို့၏ ဆက်နွှယ်မှုကို တွေ့ရှိနိုင်ကြောင်းလည်း တပ်မတော်၏ စုစည်းဖြေကြားချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သည် ဆိုသော်လည်း ကော်မရှင်တစ်ခုတည်းက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်မြောက်အောင် ဆောင်ရွက်ရန် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ မဖြစ်နိုင်ကြောင်းကို သာမန်အသိဖြင့်ပင် သိနိုင်ကြောင်း၊ အစိုးရတွင် တာဝန်မရှိဟု ပြောဆိုခြင်းသည် အစိုးရ၏ တာဝန်ရှိမှုအတိုင်းအတာကို မျက်ကွယ်ပြုခြင်းသာ ဖြစ်ကြောင်းလည်း တပ်မတော်၏ စုစည်းဖြေကြားချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိသည်ကို သတိပြုသင့်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီးနောက် ကြိုတင်မဲစာအိတ်များ၏ အရည်အသွေးနှင့် ကြိုတင်မဲပုံးများ၏ အရည်အသွေးကို အစိုးရက စိစစ်နေပါသည်ဆိုသည့် ပြောဆိုချက်များအရ ရှေ့နောက်မညီသည့် အစိုးရ၏ သဘောထားများကို တွေ့ရှိရကြောင်း တပ်မတော်၏ စုစည်းဖြေကြားချက်တွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK