Top News

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့နေရာများတွင် ကရင်တိုင်းရင်းသားများ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အတွက် မဲပေးခွင့်မရ ဖြစ်နေဟုဆို
24htopnews | September 8, 2024 6:12 PM CST

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့နေရာများရှိ ကရင်တိုင်းရင်းသားများ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အတွက် မဲပေးခွင့်မရ ဖြစ်နေကြောင်း သိရသည်။

“ဘယ်လိုအခြေအနေမျိုး ကျန်လဲဆိုရင် အဲဒါကတော့ ရပ်ကျေးပြောပုံအရဆိုရင် မတင်လို့ပေါ့။ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်က မတင်ဖြစ်လို့ဆိုတဲ့ စာရင်းပြုစုသူတွေက မတင်ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ယူဆရတယ်။ အကြမ်းဖျဉ်းလည်း ကျွန်တော်တို့ ထင်တာကတော့ အဲဒါဖြစ်နိုင်ခြေ ရှိပါတယ်။ စာရင်းပြုစုပြီး တင်တဲ့အခါမှာ အားနည်းချက်ရှိတယ်လို့ ယူဆတယ်” ဟု ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသက်ဦးက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ဆီကို နယ်ခံပါတီခေါင်းဆောင်တွေနဲ့ ဒေသခံတွေ ဆက်သွယ်လာတယ်။ ကရင်တိုင်းရင်းသား တွေဖြစ်တယ်၊ မှတ်ပုံတင်ထဲမှာလည်း ကရင်/ဗုဒ္ဓဘာသာ ဖြစ်တယ်။ သူတို့က မဲပေးခွင့်မရဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုပြီး ဆက်သွယ်လာတယ်။ သူတို့ပြောပုံအရဆိုရင် ကြိုတင်မဲတွေပေးတဲ့ အချိန်မှာ သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်ကို မေးတဲ့အချိန်မှာ နာမည်မပါတဲ့သူတွေပေ့ါ။  တိုင်းရင်းသားရေးရာအတွက် မဲပေးခွင့်မရတဲ့ သူတွေရှိတယ်။ တစ်အုပ်စုတည်းမှာပဲ အချို့ကရင်လူမျိုးတွေက ပေးခွင့်ရပြီးတော့ အချို့တွေက ကျန်တာပေ့ါ။ ကျန်တဲ့သူက ၁၂၀ လောက်အထိရှိတယ်။ ကျွန်တော်တို့ဆီ လှမ်းပြီးဆက်သွယ်လာတဲ့ အခါမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို ဒါနဲ့ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဘယ်ပါတီကိုပဲ မဲပေးပေး ကရင်တိုင်းရင်းသားတွေရဲ့ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် လက်မှတ်ထိုးပြီးတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ဆီ စာတင်ထားတယ်” ဟု ဦးမျိုးသက်ဦးက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသားရေးရာအတွက် တိုင်းရင်းသားများ မဲပေးခွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီပေးကြစေလိုကြောင်း ကရင်ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌက ပြောကြားသည်။

“မဲပေးတဲ့ အနေအထားမှာလည်း မဲပေးနိုင်ခွင့် မဆုံးရှုံးရအောင် ကရင်ဆိုလည်း စာရင်းဇယားတွေမှာ ကရင်ပါဖို့ ပြောချင်ပါတယ်။ ကရင့်ကံကြမ္မာကို ကရင်ပဲ ဖန်တီးရမှာပေါ့။ ဒါကြောင့်မို့လို့ ကရင်လူမျိုးတွေ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ရင် ကရင်ကို မဲပေးနိုင်ဖို့ ဒီလိုပဲ နှိုးဆော်ချင်ပါတယ်။ မဲပေးခွင့် မဆုံးရှုံးနိုင်ဖို့က ဒီနှစ်က COVID ခံနေတဲ့အတွက် တချို့အပိုင်းတွေကျတော့ ကျွန်တော်တို့ သွားရေးလာရေး ခက်ခဲတယ်။ သိပ်လည်း မသွားနိုင်ကြဘူးလေ။ ဒီအပေါ်မှာက ဘယ်မြို့နယ်မှာ လူဦးရေဘယ်လောက် ကရင်ရှိပြီး မဲမပေးနိုင်ဘူးဆိုတာ Survey ပေ့ါ။ အောက်ခြေအထိ ကျွန်တော်တို့ မဆင်းနိုင်ဘူး။ အောက်ခြေပဲ သိကြလိမ့်မယ်။ တချို့တော့ ရှိတယ်လို့ ပြောသံကြားတယ်။ တကယ်လို့ ကရင်တွေ ဖြစ်ပါလျက်နဲ့ ကရင်တွေ မဲပေးခွင့် မဆုံးရှုံးအောင် လုပ်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ကရင်ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ စောသောမတ်က ပြောကြားသည်။

 


READ NEXT
Cancel OK