Top News

သမ္မတအရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့်အချက်များကို ကျူးလွန်ပါက စွပ်စွဲပြစ်တင်နိုင်ကြောင်း တပ်မတော်၏ သတင်းမီဒီယာများသို့ ဖြေကြားမှု စုစည်းချက်တွင် ဖော်ပြ
24htopnews | September 8, 2024 6:12 PM CST

သမ္မတ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အချက်များကို ကျူးလွန်ပါက စွပ်စွဲပြစ်တင်နိုင်ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ သတင်းမီဒီယာများသို့ ဖြေကြားမှု စုစည်းချက်တွင် ဖော်ပြ ထား သည်ကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ထုတ်ပြန်ပြောဆိုချက်များအပေါ် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် ပြဋ္ဌာန်းထားခြင်း မရှိသည်ကို သတိပြုသင့် ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံး၏ ရှင်းလင်းချက်ကို ဖတ်ကြားခဲ့ပြီး ယင်းသို့ ရှင်းလင်းမှုအပေါ်  မီဒီယာများက မေးမြန်းလာမှုအား တပ်မတော်ဘက်က ပြန်လည်ဖြေကြားချက်များကို စုစည်း ထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲပါ ပြောကြားချက်မှာ ဥပဒေပြဋ္ဌာန်းချက်ကို အကိုးအကားပြု၍ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မျက်ကွယ်ပြု ပြောဆိုခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က) အရ ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတက ခန့်အပ်ခြင်း၊ ပုဒ်မ ၄၀၀ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်နိုင်ခြင်း စသည့် ပြဋ္ဌာန်းချက်များ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတအကြားတွင် အပြန်အလှန် ဆက်သွယ်မှု၊ အပြန်အလှန် ထိန်းကျောင်းမှုပြုသည့်သဘော သက်ရောက်ကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ခေါ်ယူတွေ့ဆုံလမ်းညွှန်မှု ပြုခြင်းဆိုသည်ကပင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တို့၏ အပြန်အလှန် ဆက်နွှယ်မှု၊ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှု သဘောတရားများကို ပြသ ရာရောက်သည့်အပြင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် မဖြစ်နိုင်သည့်အခြေအနေကို အချက်အလက်ဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကိုယ်စား အစိုးရပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြနေခြင်းကပင် အစိုးရနှင့်ကော်မရှင် တို့၏ ဆက်နွှယ်မှုကို တွေ့ရှိနိုင်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သည်ဆိုသော် လည်း ကော်မရှင်တစ်ခုတည်းက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်မြောက်အောင် ဆောင်ရွက်ရန် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ မဖြစ်နိုင်ကြောင်းကို သာမန်အသိဖြင့်ပင် သိနိုင်ကြောင်း၊ အစိုးရတွင် တာဝန်မရှိဟု ပြောဆိုခြင်းသည် အစိုးရ၏ တာဝန်ရှိမှုအတိုင်းအတာကို မျက်ကွယ်ပြုခြင်းသာ ဖြစ်ကြောင်း စသည်ဖြင့် တပ်မတော်ဘက်က မီဒီယာများသို့ စုစည်းဖြေကြားချက်တွင် ဆက်စပ် အနေဖြင့် နိုင်ငံတော်သမ္မတအား စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ကတိသစ္စာပြုရာတွင် ပုဒ်မ ၆၅ ပါ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြု၍ တာဝန်ထမ်းဆောင်ရခြင်းဖြစ်သဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားများအား ပိုမိုထွန်းကားစေရေးအတွက် ဆောင်ရွက်ရန် တာဝန်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သီလပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့် အချက်များကို ကျူးလွန်ပါက စွပ်စွဲပြစ်တင်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတခြင်း မရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ် နေခြင်းဟာ မသင့်လျော်ကြောင်း ပြောလိုပါတယ်ဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး၏ ပြောကြားချက်နှင့်ပတ်သက်၍ ကနဦး ပြောကြားချက်တွင် ကျွန်တော်တို့ နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာလကတည်းက စတင်နှင့်ပြီးဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်ဟု ပြောကြားခဲ့သဖြင့် ရှေ့စကားနှင့် နောက်စကား ညီညွတ်မှု မရှိကြောင်း တွေ့ရှိရပါသည်ဟုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာသတင်းမီဒီယာသို့ ပြောကြားချက်တွင် တရားမျှတမှုမရှိဟု ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိဘဲ လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်ပေါ်စေရေးအတွက်ကို ရည်ရွယ်၍ အသိပေးပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 

 


READ NEXT
Cancel OK