Top News

အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်အား မဟုတ်မမှန်စွပ်စွဲချက်များ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဟောပြောချက်များရှိခဲ့သည်ဟုဆိုကာ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တိုင်ကြားခံရ
24htopnews | September 8, 2024 6:12 PM CST

အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်အား မဟုတ်မမှန်စွပ်စွဲချက်များ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဟောပြောချက်များ ရှိခဲ့သည်ဟုဆိုကာ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းများ တိုင်ကြားခံထားရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူပေးရန် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်က တင်ပြတိုင်ကြားထားခြင်းဖြစ်သည်။          

“ အာဏာရပါတီ၊ အာဏာရအစိုးရမှ သူတို့ပါတီဝင်များကို ကော်မရှင်များအဖြစ် တာဝန်ပေးကာ တစ်ဖက်သတ် အနိုင်ကျင့်နေပြီး မတရားသဖြင့်ကျင်းပတဲ့ ရွေးကောက်ပွဲကြီးကို ယှဉ်ပြိုင်နေရသည်” ဟုလည်းကောင်း၊ “ နိုင်ငံအတွင်းသို့ ဘင်္ဂါလီများ အလွယ်တကူ ဝင်ရောက်လာနိုင်ရန်အတွက် လွှတ်တော်ကြီးမှ ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းလိုက်သည်” ဟုလည်းကောင်း၊ “ဘင်္ဂါလီများနိုင်ငံအတွင်းသို့ ဝင်ရောက်အခြေချနေထိုင်နိုင်ရန်အတွက် အစိုးရက သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနေသည်” ဟုလည်းကောင်း၊ “လွှတ်တော်ထဲတွင် ဘင်္ဂါလီများ လွှမ်းမိုးသွားစေဖို့ နိုင်ငံသားတစ်ယောက်မှ နိုင်ငံခြားသား ကလေးနှစ်ယောက်ကို မွေးစားခွင့်ဥပဒေအား လွှတ်တော်များမှ လွယ်လွယ်အတည်ပြုလိုက်ပြီး သမ္မတက ဟိုလိုလို ဒီလိုလိုဖြင့် လက်မှတ်ရေးထိုးပေးလိုက်၍ ဘင်္ဂါလီများအား မွေးစားခွင့်ရသွားစေသည်” ဟုလည်းကောင်း၊ “လွှတ်တော်အတွက် လျှပ်စစ်မီးအသုံးစရိတ် တစ်နေ့ သိန်း ၆၀၀၊ ကိုယ်စားလှယ်တစ်ဦး လစာ ၁၀ သိန်း နေ့တွက် စရိတ် ၃၀၀၀၀ ကျပ် အကုန်ကျခံပေးပြီးတော့ ထားတဲ့ လွှတ်တော်ကြီးဟာ ဒီလိုကုလားကလေးတွေ မွေးစားဖို့ဥပဒေလုပ်ရတဲ့ လွှတ်တော်ကြီးဖြစ်နေပြီလား” ဟုလည်းကောင်း၊ “ ဘင်္ဂါလီတွေ နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ရန် အားထုတ်ကြိုးပမ်းနေသော သူဌေးကြီးဂျော့ ဆိုးရော့စ်က ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ပြီး အစိုးရအား စာချုပ်များကို လက်မှတ်ရေးထိုးခိုင်းနေသည်” ဟုလည်းကောင်း၊ “ဂျော့ဆိုးရော့စ်၏စကားပြန်အဆင့်ရှိသူ ဦးသောင်းထွန်းအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးမှုကြောင့် နိုင်ငံ့အတွင်းသတင်းများ ပေါက်ကြားပြီး ဒုက္ခရောက်နေသည်” ဟုလည်းကောင်း၊ “ ဝန်ကြီးဌာနတိုင်းတွင် နိုင်ငံခြားသားအကြံပေးများအား ငါးဦးစီကို ဒေါ်လာပေး၍ ခန့်ထားပြီး နိုင်ငံ့အတွင်းရေးအခြေအနေများသည် နိုင်ငံ ခြားတိုင်းပြည်များသို့ ရောက်ရှိနေသည်” ဟုလည်းကောင်း၊ “ အမျိုး၊ ဘာသာ၊ သာသနာ ကွယ်ပျောက်နိုင်သည့် အခြေအနေများကို ယခုလက်ရှိအစိုးရမှ ဆောင်ရွက်နေသည်” ဟုလည်းကောင်း၊ “ ယခုလက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ရှမ်းရွာရေနောက် လမ်းမကြီးအား နိုင်ငံတော်က ချပေးငွေ ၈၁၆ သိန်းတွင် သိန်း ၇၀၀ ဖြင့် ငါးသိုင်းချောင်းမှ တေဇာဆိုသူအား ရောင်းစားခဲ့သည်” ဟုလည်းကောင်း ဟောပြောချက် ၁၀ ချက်ကို အဓိကထား၍ တိုင်ကြားစာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ 

အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ ဟောပြောချက်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တားမြစ်ကန့်သတ်ထားသောအချက်များကို ချိုးဖောက်နေပြီး နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့အပေါ် မဟုတ်မမှန် စွပ်စွဲပြောဆိုနေမှုများဖြစ်ကာ ပြည်ထောင်စုကြီး ပြိုကွဲသွားစေနိုင်သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့်အခြေအနေများ ဖြစ်နေသောကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ လိပ်မူ၍ နိုင်ငံတော်သမ္မတရုံးထံ မိတ္တူပေးပို့ထားကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြစာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းတင်ပြတိုင်ကြားစာမှာ မှန်ကန်ကြောင်းနှင့် ဟောပြောမှုအသံဖိုင်အပါအဝင် လုံးကောက်စာများကိုလည်း အသေးစိတ် ပူးတွဲတင်ပြထားကြောင်း NLD ပါတီ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးလှမျိုးက အတည်ပြုဖြေကြားသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ လေးမျက်နှာမြို့နယ် ပြည်သူ့ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ဇော်ထံ ဆက်သွယ်မေးမြန်းရာ “ အဲဒီဟာနဲ့ပတ်သက်ပြီး အထောက်အထားရှိတဲ့ဟာတွေကိုပဲ မှန်ကန်တဲ့အကြောင်းအရာတွေပဲ ပြောတာဖြစ်တယ်။ မမှန်မကန်လုပ်ကြံပြီးပြောတာ တစ်ခုမှမပါဘူး။ အကြောင်းအရာတွေက တရားဝင်ထုတ်တဲ့ဂျာနယ်ထဲမှာ တရားဝင် ရေးထားတဲ့စာတွေနဲ့ ကိုးကားပြီးပြောတာပဲ ဖြစ်တယ်။ တမင်လုပ်ကြံပြီးပြောတာတွေ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဖြေကြားသည်။

တိုင်ကြားစာပါအကြောင်းအရာများမှာ အမှန်တကယ်ပြောကြားခဲ့သည့် အချက်အလက်များ ဟုတ်ပါသလားဟု မေးမြန်းရာ “ ရေးတာတော့ တကယ်ပြောတဲ့ဟာတွေပဲ အသံဖမ်းပြီးပြန်ရေးထားတာ။ အဲဒီစကားတွေက သူရိယနေဝန်းတို့၊ ဘာတို့ ဂျာနယ်တွေ ဖတ်ကြည့်တော့ ငါတို့ပြောတာထက်တောင် ပိုပြီးများပြားတဲ့ ပြင်းထန်တဲ့စကားလုံးတွေ။ အခုလည်းရေးနေကြတာပဲလေ။ ဘာပဲပြောပြော မှန်ကန်တဲ့ အကြောင်းအရာ အတွက်ကို တို့မှာ ဝေဖန်ပိုင်ခွင့်ရှိတာပဲလေ” ဟု ဦးခင်ဇော်က ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ခေါ်ယူညှိနှိုင်းချိန်၌ ဖြေရှင်းခဲ့ပြီးဖြစ်၍ နှစ်ဖက်ကျေလည်သွားပြီဟု ယူဆထားပြီး ၎င်းတို့ ကျေနပ်မှုမရှိသည့် စကားလုံးများကို မသုံးတော့ကြောင်း ပြည်သူ့ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောကြားသည်။


READ NEXT
Cancel OK