Top News

ထိုင်းနိုင်ငံ၌ မထည့်ခဲ့သည့် ဆန္ဒမဲလက်မှတ်များ မိမိဇာတိတွင် ပြန်ရောက်နေမှု ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဖြစ်ပွား
24htopnews | September 8, 2024 6:12 PM CST

ထိုင်းနိုင်ငံ ဘန်ကောက်သံရုံးတွင် မထည့်ခဲ့သည့် မဲဆန္ဒလက်မှတ်များ မိမိဇာတိတွင် ပြန်ရောက်နေသည့်ကိစ္စ ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်နှစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ပြီးနောက် ပုံစံ ၁၅ ဖြင့် မဲပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းနောက် မဲမပေးနိုင်ခဲ့ဘဲ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ မြဝတီတွင် ၁၅ ရက် Quarantine ဝင်ပြီးနောက် ရွှေကူမြို့တွင် Quarantine ၁၄ ရက် ထပ်ဝင်ရကြောင်း၊ မဲမထည့်ခဲ့ရသည့်အတွက် မဲထည့်ရန် ကြိုးစားရာမှ မိမိတို့ မထည့်ခဲ့ရသည့် မဲဆန္ဒလက်မှတ်များ မြို့နယ်ရုံးတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းတို့က ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မှ ပြန်ရောက်လာသူ ကိုဖြိုးပြည့်စုံအောင်က “ ကျွန်တော်တို့က ၃ ရက်နေ့မှာ ထိုင်းမှာ ကြိုတင်မဲထည့်လို့ရပြီပေါ့။ ကျွန်တော်တို့က အဲဒီနေ့ပဲ ထွက်လာကြတာ။ ဒီပြန်ရောက်တော့ ကော်မရှင်မှာ ကြိုးစားတယ်။ မြို့နယ်ကော်မရှင်မှာ တက်ပြောတော့ သံရုံးကို ဆက်သွယ်ပေးပါပေါ့။ အဲဒါနဲ့ နောက်ရက်မှာ NLD လွှတ်တော်ကိုယ်စားတစ်ဦးကိုခေါ်ပြီး ရုံးမှာသွားကြတော့ နိုင်ငံခြားသံရုံးကမဲတွေက ရောက်နေတော့ အားလုံးစုံညီနဲ့ မဲပုံးထဲထည့်တော့ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်းရယ် နာမည်တွေနဲ့ စာအိတ်တွေပါလာပြီ။ ကျွန်တော်တို့ မဲမှမထည့်ခဲ့တာ။ ဒီမဲတွေက ဘယ်သူထည့်သလဲပေါ့။ ကျွန်တော်တို့နှင့်အတူ ပြန်လာကြတာဆိုရင် လူပေါင်း ၅၀၀၊ ၈၀၀။ အဲဒီလောက်ရှိတယ်။ Quarantine ဝင်ရတာ။ ကျွန်တော်တို့နှစ်ယောက်စလုံး မဲတွေပါနေတာဗျ” ဟု ပြောကြားသည်။

ရွှေကူမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းစန္ဒာကမူ “ ရောက်လာတာက နှစ်ယောက်စလုံးရဲ့ နာမည်တွေပါတယ်။ ကျန်တဲ့အပိုင်းတော့ ကျွန်မတို့မသိဘူးလေ။ သံရုံးကို ဆက်မေးကြပါ” ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မှ ပြန်လည်ရောက်ရှိလာသူ ကိုဇေယံထက်နွယ်ကလည်း “ ကျွန်တော်တို့ စာရင်းတင်ခဲ့တယ်။ မဲမထည့်ခဲ့ဘူး။ မထည့်ခဲ့ဘူးဆိုတာ သေချာတယ်။ ဘန်ကောက်မှာပဲ ကျွန်တော်တို့ နေခဲ့တာ။ ပြန်တာက ၄ ရက်နေ့ပြန်တယ်။ အခုကျတော့ ကျွန်တော်တို့မဲတွေ ထည့်ပြီးသားပြန်ရောက်နေပြီ” ဟု ပြောကြားသည်။

ရွှေကူမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု “ မထည့်ခဲ့ဘူးဆိုတာတော့ မှန်တယ်ဗျ။ စုံစမ်းကြည့်ရတာ။ သံရုံးကို ဖုန်းဆက်တော့ ပထမကိုင်တယ်။ နောက်ပြန်ချသွားတယ်။ နောက်လုံးဝမကိုင်တော့ဘူး။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို UEC ကို တိုင်စာပို့မယ်။ UEC ညွှန်ကြားချက်အတိုင်းလုပ်မှာပဲ။ တခြားပါတီတွေက ဘာမှမပြောကြဘူး။ ကလေးတွေက ဆန္ဒမဲပေးချင်လွန်းလို့သာ ပေါ်ပေါက်လာတာကို” ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲပေးသူ ၁၁ သိန်းကျော် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က သိရသည်။


READ NEXT
Cancel OK