ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အတွင်း သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး အားနည်းချက်၊ အားသာချက်များအပေါ်အခြေခံ၍ တစ်ဖွဲ့ချင်း၏ သဘောထားရပ်တည်ချက်များကို ပြန်လည်သတ်မှတ်သွားမည်ဟု NCA-S EAO ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
(၃၄) ကြိမ်မြောက် NCA-S EAO အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ NCA-S EAO, UPDJC အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး ကျင်းပပြီးစီးတဲ့နောက်ပိုင်း မိမိတို့ EAO တစ်ဖွဲ့ချင်းစီအတွင်း ညီလာခံအပေါ် သုံးသပ်ခြင်းတွေ ပြုလုပ်ခဲ့သလို ငါးနှစ်သက်တမ်းရှိပြီဖြစ်တဲ့ NCA အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အသေးစိတ် ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့တယ်လို့ ကြားသိရပါတယ်။ အားသာချက်များနဲ့ အားနည်းချက်များအပေါ်အခြေခံပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ တစ်ဖွဲ့ချင်းရဲ့ သဘောထား ရပ်တည်ချက်တွေကို ပြန်လည်ချမှတ်မယ်လို့ သိရပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
တစ်ဖွဲ့ချင်းစီမှရရှိလာသော သဘောထားရပ်တည်ချက်များကို NCA-S EAO အစုအဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြီး အားလုံးလက်ခံသော ဘုံသဘောထားကို ချမှတ်သွားကြမည်ဟု နားလည်ကြောင်း၊ ရရှိလာသော ဘုံသဘောထားကိုလက်ကိုင်ပြီး တစ်ဖက်က ဆွေးနွေးဖော်ဆွေးနွေးဖက်များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရကြောင်းနှင့် အချိန်ယူပြီး သေသေချာချာ ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
“တစ်ဖက်မှာလည်း ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံပြီး ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချမှတ်ရမှာဖြစ်လို့ တစ်ဖွဲ့ချင်းအနေနဲ့ရော၊ အစုအဖွဲ့လိုက်အနေနဲ့ပါ မိမိတို့အချင်းချင်းကြားမှာ ဟန်ချက်ညီစွာ ညှိနှိုင်းပြင်ဆင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် သဘောတူထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်အခြေခံမူများနှင့် ပတ်သက်သော လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ယခုအစည်းအဝေးတွင် ရွေး ကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်း၊ အစိုးရသစ်၏ အနေအထား၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးနှင့် COVID-19 ကပ်ရောဂါအခြေအနေ ကာကွယ်ထိန်းချုပ် ကုသရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
-
လာလီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
-
ပြင်သစ်လီဂူးပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
-
ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
-
မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကို သေနတ်ဖြင့်ပစ်သတ်ပြီး အချုပ်ခန်းဖောက် ထွက်ပြေးသူများအနက်အချုပ်သားတစ်ဦးအား ပြန်လည်ဖမ်းဆီးရမိ
-
မြေမြှုပ်မိုင်းအန္တရာယ်နဲ့ သံဖြူဇရပ်ဒေသခံတွေရဲ့ စိုးရိမ်သောက