Top News

COVID-19 အမိန့်နှင့် ညွှန်ကြားချက်များကြောင့် မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ရောဂါကူးစက်ခြင်းအန္တရာယ်မှ လုံခြုံစိတ်ချစေရန် မည်သို့စီမံထားသည်ကို ပြည်သူများအားအသိပေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၁ ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ
24htopnews | September 6, 2024 6:12 AM CST

COVID ကာလတွင်ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကြောင့် မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ကပ်ရောဂါကူးစက်ခြင်းအန္တရာယ်မှ လုံခြုံစိတ်ချစေရန် မည်သို့စီမံထားသည်ကို ပြည်သူများအား အသိပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအပါအဝင်နိုင်ငံရေးပါတီ ၂၁ ပါတီက လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သို့ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း သိရသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန် ကော်မရှင်က တရားဝင်ကြေညာထားကြောင်း၊ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်ဖြစ်၍ အများပြည်သူများလိုက်နာရန် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ၁၅ ရက်တစ်ကြိမ်နှုန်းဖြင့် သက်တမ်းတိုးမြှင့်လျက်ရှိကြောင်း၊ ယင်းအမိန့် ညွှန်ကြားချက်များနှင့် ကြေညာချက်များအားလုံး၏ အနှစ်ချုပ်သည် လူ ၁၅ ဦးဖြစ်စေ၊ ၁၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခွင့်မပြုခြင်း၊ တတ်နိုင်သမျှ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန် စသည့်အချက်များပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အတူ အာဏာမရှိ၊ လုပ်ပိုင်ခွင့်မရှိသော သာမန်ပြည်သူများ မင်္ဂလာဆောင်ခြင်း၊ ယုံကြည်ကိုးကွယ်မှုကြောင့် ငါးယောက်အထက် စုဝေးမိခြင်းများကို စွဲချက်တင်၍ ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း တားမြစ်ချက်များကို ချိုးဖောက်ခဲ့သည့် အာဏာရပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦးကို အရေးယူမှုမရှိခြင်းသည် အာဏာရပါတီမှဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ဥပဒေအထက်တွင်ရှိနေသကဲ့သို့ သက်ရောက်နေကြောင်း၊ အမိန့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရမည့် ပြည်သူများအတွက် နိုဝင်ဘာ ၈ ရက်တွင် မဲရုံများသို့ လာရောက်မဲပေးရန်အတွက် မဲရုံဖွင့်ချိန် ကန့်သတ်ချက်၊ ဆန္ဒပြုလွှာကိုင်တွယ်ခြင်း၊ တံဆိပ်တုံးကိုင်တွယ်ခြင်း၊ မဲပေးပြီးကြောင်း အမှတ်အသားပြုခြင်းများအတွက် ဆေးကြောသန့်စင်ချိန်၊ သတ်မှတ်အကွာအဝေးအတိုင်း ဆောင်ရွက်ချိန် စသည်များကြောင့် မဲရုံတစ်ရုံတွင် လူ ၆၀၀ မဲပေးနိုင်ရန်အတွက် အခက်အခဲဖြစ်နိုင်ကြောင်း UEC သို့ ပေးပို့ထားသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။

“အဓိကကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ပါပဲ။ အားလုံးခြုံပြီးတော့ ပြောမယ်ဆိုရင်တော့ အဲဒီတော့ UEC ကို အကြောင်းပြပြီးတော့ တစ်စုံတစ်ခု ပြဿနာတွေဖြစ်လာမှာကိုလည်း မလိုလားဘူး။ နောက်တစ်ခုက အဲဒီအပေါ်မူတည်ပြီးတော့ ရသင့်ရထိုက်တဲ့၊ ပေးသင့်ပေးထိုက်တဲ့လူတွေကို ပြည်သူက အမှန်တကယ် ရွေးချယ်မပေးနိုင်မယ့် အနေအထားမျိုးလည်း ဖြစ်သွားမှာစိုးရိမ်တယ်။ ခြုံပြောရရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဥပဒေနဲ့ အညီမှန်မှန်ကန်ကန် လုပ်စေနိုင်ဖို့ပါပဲ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

ယင်းအခြေအနေများကြောင့် မဲဆန္ဒရှင် ၆၀၀ အထက်ရှိသော မဲရုံများတွင် မဲပေးခွင့် ဆုံးရှုံးခြင်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ စံငါးချက်နှင့်အညီ ကျင်းပပြီး ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ရလဒ်ထွက်ရှိစေရမည်ဟု အကြိမ်ကြိမ်အာမခံ ကြွေးကြော်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကတိပေး ကြွေးကြော်ရုံမျှဖြင့် မလုံလောက်ဘဲ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ ကပ်ရောဂါကူးစက်ခြင်းအန္တရာယ်မှ လုံခြုံစိတ်ချစေရေးတို့အတွက် လိုအပ်သည့်အစီအမံများ မည်သို့စနစ်တကျဆောင်ရွက်ထားကြောင်း ပြည်သူလူထုသို့ အမြန်ဆုံး ရှင်းရှင်းလင်းလင်း အသိပေးထားရန် တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“အဓိကကိုင်တွယ်ရမယ့်လူဦးရေ မစုရုံးရဘူးဆိုတဲ့ပြဿနာကို ဘယ်လိုကိုင်တွယ်မလဲပေါ့။ နောက်တစ်ခုက မဲပေးတဲ့ Position ကလည်းပဲ ဆက်တိုက်ဆက်တိုက်ပေးသွားလို့ မရဘဲနဲ့ Social Distancing အရ တန်းစီရတာတွေ၊ တစ်ယောက်ပြီးမှတစ်ယောက်၊ အဲဒီလိုမျိုး ကန့်သတ်ချက်တွေများသွားမယ်။ ဒါကတော့ မဲပေးတဲ့အချိန်မှာဖြစ်နိုင်တဲ့ ပြဿနာအကျဉ်းချုပ်ပေါ့။ အဲဒီတော့ မဲမပေးနိုင်ခင်ကျတော့ ဘာပြဿနာတက်လာနိုင်လဲဆိုတော့ ခုနက စုရုံးဟောပြောမှုမရတဲ့အခါကျတော့ မဲဆွယ်စည်းရုံးဖို့ကိစ္စတွေမှာ ကျန်တဲ့ပါတီတွေက ဘယ်လိုမှ လူထုနဲ့တွေ့ပြီးတော့ မဲဆွယ်စည်းရုံးမှုကို လက်တွေ့မဆောင်ရွက်နိုင်ဘူးပေါ့။ အဲဒီတော့ အနိုင်ရပါတီ၊ လက်ရှိရှိနေတဲ့ ပါတီကတော့ လက်ရှိအစိုးရရဲ့ပါတီ ဖြစ်နေတာဖြစ်တဲ့အတွက် လက်ရှိပါတီအကြီးအကဲတွေကလည်းပဲ မီဒီယာပေါင်းစုံသုံးပြီးတော့ သတင်းစာရော၊ TV ရော၊ Website ရော၊ Facebook ရော ဒါတွေအသုံးပြုပြီးတော့ ဆောင်ရွက်နေတာဆိုတော့အခွင့်အရေးက လုံးဝကို တစ်ဖက်စောင်းနင်းဖြစ်နေတာပေါ့။ COVID ကာလကို တောက်လျှောက် ၁၅ ရက်တစ်ကြိမ်တိုးသွားလို့ ရွေးကောက်ပွဲကာလအထိ ရောက်သွားမယ်ဆိုရင်တော့ အခွင့်အရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မဖြစ်တော့ဘဲနဲ့ အခွင့်သာတဲ့သူကသာပြီး နာတဲ့သူက နာသွားမယ့်အနေအထားတွေ ဖြစ်နေတာပေါ့” ဟု ဦးသောင်းအေးက ပြောကြားသည်။

ထို့ပြင် ရှင်းလင်းလွယ်ကူယုံကြည်စိတ်ချရသော အစီအမံများမရှိလျှင် သို့မဟုတ် အချိန်မီပြည်သူလူထုသို့ အသိပေးရှင်းလင်း နိုင်ခြင်းမရှိ၍ ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် ပြည်သူလူထုတွင် တာဝန်ရှိမည် မဟုတ်ကြောင်း အသိပေးတင်ပြကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမို ကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက် ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ၈၈ မျိုးဆက် ဒီမိုကရက်တစ်ပါတီ၊ “၀” အမျိုးသားပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ပြည်သူ့အလုပ်သမားပါတီ စသည့် ၂၁ ပါတီက လက်မှတ်ရေး ထိုးထားသည်။

 


READ NEXT
Cancel OK