Top News

ကောလာဟလနှင့် သတင်းတု၊ သတင်းမှားများ
24htopnews | August 29, 2024 7:12 PM CST

တိုင်းပြည်၏ လတ်တလောအခြေအနေများနှင့်အတူ Facebook ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကောလာဟလများ၊ သတင်းတု၊ သတင်းမှားများ လူအများကြား မတည်မငြိမ် ဖြစ်စေနိုင်သောအကြောင်းအရာများ ဖြန့်ချိမှုများ တွေ့နေရသည်။ ယမန်နေ့ နံနက်ပိုင်းမှ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရအသုံးပြုနေသော ကျပ် ၅၀၀၀၊ ၁၀၀၀၀ စသည့် ငွေစက္ကူများ ပြန်လည်သိမ်းယူမည်ဆိုသည့် သတင်းများပျံ့နှံ့ခဲ့သည်။ ယင်းအခြေအနေတွင် လူအများကြား စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ခြင်း၊ ငွေသွင်းခြင်းစသဖြင့် လုပ်ဆောင်မှုများပြားခဲ့ခြင်းနှင့်အတူ ရွှေစျေး၊ ဒေါ်လာစျေးတို့သည်လည်း ဆက်တိုက်ထိုးတက်သွားခဲ့သည်။ ယင်းနေ့ နံနက်ပိုင်း စျေးကွက်အတွင်း ထွက်ပေါ်ခဲ့သော အခြေအနေအရ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၁၀ ဝန်းကျင်နှင့် ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၃၆၇၀၀၀ အထိ ထိုးတက်သွားခဲ့သည်။ ယင်းသည် တိကျမှန်ကန်မှု မရှိသော သတင်းများနှင့် ကောလာဟလသတင်းများ၏ အကျိုးဆက်ကြောင့်လည်းဖြစ်သည်။ တာဝန်ရှိသူများအနေဖြင့် ငွေစက္ကူများ ပြန်လည်သိမ်းယူမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့်  တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ယင်းသို့လုပ်ရန် မရှိကြောင်း အသိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သတင်းအမှားနှင့် လုပ်ကြံသတင်းများ၏အန္တရာယ်သည် လွန်စွာကြီးမားပြီး တိုင်းပြည်နှင့် ပြည်သူတို့အတွက် ဆိုးကျိုးဖြစ်စေသည်မှာ အမှန်ပင်ဖြစ်သည်။ သတင်းအမှား (Misinformation) နဲ့ လုပ်ကြံသတင်း (Disinformation) ဆိုပြီး အကြမ်းအားဖြင့် ရှိပါတယ်။ ဒီသတင်းအမှား၊ လုပ်ကြံသတင်းများကို ခွဲခြားရာ-၁။ သရော်စာနှင့် စာပြောင်စာဖျက်၊ ၂။ မှားယွင်းသော အဆက်အစပ်များ၊ ၃။ လှည့်ခြားမှုပါသော အကြောင်းအရာ တင်ဆက်ချက်၊ ၄။ အခြေအနေအခင်းအကျင်း အမှား၊ ၅။ အယောင်ဆောင် တင်ဆက်ချက်များ၊ ၆။ ပြုပြင်စီမံဖြတ်ညှပ်ကပ်တင်ဆက်ချက်၊ ၇။ အတုပြုလုပ်ဖန်တီးသော တင်ဆက်ချက်များဟု ခုနစ်မျိုးခွဲခြားနိုင်ပါသည်။

ကမ္ဘာ့ကပ်ရောဂါနှင့် ကြုံတွေ့နေရချိန်တွင် လုပ်ကြံသတင်းများ၊ သတင်းမှားများ၊ ပုံဖျက်သတင်းများ၏ ခြိမ်းခြောက်မှုသည်လွန်စွာကြီးမားခဲ့သည်။ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိုဘိုင်းအသုံးပြုမှုများလာသည်နှင့်အမျှ အင်တာနက်အသုံးပြုမှု ဖွံ့ဖြိုးလာခြင်း၏ နောက်ဆက်တွဲဂယက်များလည်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။ မည်သို့သောအခြေအနေမျိုးတွင်မဆို သတင်းတု၊ သတင်းမှားများ၏အန္တရာယ်သည် လွန်စွာ ကြီးမားသည်။ လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့နေသော သတင်းတုများကြောင့် ကမ္ဘာ့နိုင်ငံအတော်များများတွင် လူထု၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရသည် အထိလည်း ဖြစ်လေ့ရှိသည်။ တချို့သောသတင်းတုများဖန်တီးခြင်းတွင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးနှင့် လူမှုဘဝနေထိုင်မှုများသို့ သက်ရောက်စေ၍ လူတစ်စုဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ စနစ်တကျဖန်တီးမှုမျိုးလည်း နိုင်ငံအသီးသီးတွင်ကြုံတွေ့ရတတ်သည်။ တစ်ခါတရံ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသည့်သတင်းဌာနများတွင် ဖော်ပြထားသော သတင်းအစစ်အမှန်များကူးယူ၍ ပုံဖျက်ကာ တစ်ဆင့် ပုံမှား ရိုက်တင်ပြလေ့လည်း ရှိတတ်သည်။ ယင်းအတွက်ကြောင့်လည်း လူမှုကွန်ရက်ပေါ်မှ ကောလာဟလနှင့် သတင်းတုများ၏ပြဿနာသည် တရားဝင်သတင်းဌာနများကိုပါ ကြီးစွာခြိမ်းခြောက်သကဲ့သို့ ဖြစ်စေသည်။ ရည်ရွက်ချက်ရှိသော သတင်းတုသတင်းမှားများကြောင့် ပင်ကိုစရိုက်အရ သွေးဆူလွယ်သည့်၊ ထိလွယ်ရှလွယ်သည့် လူ့အသိုက်အဝန်းနှင့် အစုအဖွဲ့အချင်းချင်းအတွင်း ပဋိပက္ခများလည်း ကြီးစေသည်။

သို့ဖြစ်ရာ ယခုကဲ့သို့သောအခြေအနေတွင် ပြည်သူများအနေဖြင့် ကောလာဟလနှင့် မှန်ကန်မှုမရှိသော သတင်းများကို သတိဖြင့် ချင့်ချိန်ဖတ်ရှုသင့်ပေသည်။ သတင်းတု၊ ကောလာဟလနှင့် သတင်းအစစ်၊ မှန်ကန်သောသတင်းများကို ခွဲခြားသိမြင်နိုင်သော နည်းလမ်းများအား သတိပြုလေ့လာသင့်ပေသည်။ လူအများမျှဝေသော လူမှုကွန်ရက်ပေါ်မှ သတင်းတစ်ခုခုကို တွေ့ပြီဆိုလျှင် အခေါက်ခေါက်အခါခါ ဖတ်သင့်ပေသည်။ ယင်းမှာ တစ်ခါတရံ သတင်းတုဖန်တီးသူများက အချက်အလက်အမှန်များကြားတွင် အမှားများအား ကြားညှပ်အသုံးပြုတတ်ခြင်းကြောင့်ဖြစ်သည်။ လူပုဂ္ဂိုလ်အမည်၊ ရာထူးစသည်တို့အပေါ်လည်း ဆင်တူယိုးမှားပြုလုပ်၍ သာမန်ကာလျှံကာ ဖတ်မိသူများယုံမှားသွားစေရန် ရည်ရွယ်တတ်ကြသည်။ ထို့ကြောင့် လူအများကြားပျံ့နှံ့သော သတင်းများနှင့် ပတ်သက်လျှင် သတင်းရင်းမြစ်များ၊ သတင်းဖြစ်တည်သည့်နေ့စွဲနှင့် ဓာတ်ပုံများကို ဆန်းစစ်ကြည့်နိုင်ရန် လိုသည်။ တရားဝင်သတင်းဌာနကြီးများ၏ စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသော သတင်းများ ဟုတ်၊ မဟုတ် တိုက်ဆိုင်ကြည့်ရှု၍လည်း စစ်ဆေးနိုင်သည်။

ကောလာဟလနှင့် သတင်းတုသတင်းမှားများပျံ့နှံ့လွယ်သကဲ့သို့ ယင်းတို့အပေါ် အလွယ်တကူ ခွဲခြားသိရှိနိုင်သော နည်းလမ်းများလည်းရှိရာ အများပြည်သူအနေဖြင့် မတည်မငြိမ် ဖြစ်တတ်သောအခြေအနေမျိုးတွင် ကောလာဟလသတင်းများအပေါ် အထူးဂရုပြု ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK