Top News

ဆင်းရဲမွဲတေမှု . . .
24htopnews | August 29, 2024 6:13 PM CST

ဆင်းရဲမွဲတေမှုဟူသည် သူ့ဘာသာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည့်အရာဖြစ်သည်။ ခေတ်သစ်စီးပွားရေးတွင် လူတစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုသည် ဆင်းရဲမွဲတေမှု ထောင်ချောက်အတွင်း၌ ပိတ်မိသွားပါက ဆင်းရဲမွဲတေမှုသံသရာမှ လွတ်မြောက်နိုင်ရန် ခက်ခဲလှသည်။ ဆင်းရဲမွဲတေမှုသည် ပင်ကိုအခြေအနေတစ်ရပ် မဟုတ်သည့်အပြင် ဆင်းရဲသူတို့၏ အပြစ်အနာအဆာကြောင့်နှင့် အားနည်းချက်တို့ကြောင့်လည်း မဟုတ်ပေ။ ၎င်းင်းအပြင် ကိုယ်ရည်ကိုယ်သွေးအရ သို့မဟုတ် ကိုယ်ကျင့်တရားအရ ချို့တဲ့ခြင်းကြောင့်သော်လည်းကောင်း၊ မိသားစုအတွင်း သို့မဟုတ် ကြီးပြင်းလာရမှုအတွင်း ကျရှုံးမှုများကြောင့်သော်လည်းကောင်း မဟုတ်ပေ။ ဆင်းရဲမွဲတေမှုများကို ဖန်တီးသူများသည် လူ့အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များသာ ဖြစ်ကြသည်။ အစဉ်အလာသဘောအရ ဆင်းရဲမွဲတေမှုကို လေ့လာရာ၌ လူတစ်ဦးချင်း သို့မဟုတ် မိသားစုအလိုက်ကို အဓိကထားကြသော်လည်း ဆင်းရဲမွဲတေမှုသည် တစ်ဦးချင်းနှင့် မိသားစုအလိုက်သာမက လူ့အသိုင်းအဝိုင်းအလိုက် တွေ့ကြုံခံစားရမှုဖြစ်သည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို လေ့လာရာတွင် လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံအပေါ် အဓိကထားရမည်ဖြစ်ပြီး မူဝါဒများ၊ အပြန်အလှန်ပြုမူမှုများနှင့် ဆက်ဆံရေးများ၏ ရှုပ်ထွေးမှုများအတွင်း မြုပ်ဝင်နေသည့် ဆင်းရဲမွဲတေမှုကို လေ့လာရမည်ဖြစ်သည်။

ဆင်းရဲမွဲတေမှုဟူသည် မိမိကိုယ်မိမိယုံကြည်မှုနှင့် အသားတင်ပြုမူဆောင်ရွက်မှုနှင့် တုံ့ပြန်မှုကို စုစည်းနိုင်စွမ်းတို့အား ဖျက်ဆီးပစ်သည်။ နိုင်ငံတော်၏ ရင်းမြစ်များနှင့် လုပ်ငန်းဆောင်တာများကို ပုဂ္ဂလိကပိုင်ပြုခြင်းနှင့် အခြေခံအကျဆုံး လိုအပ်ချက်များ ကိုင်တွယ်ဆောင်ရွက်မှုကိုပင် ပုဂ္ဂလိကပိုင်ပြုခြင်းတို့အပါအဝင် စီးပွားရေးအရ ဂလိုဘယ်လိုက်ဇေးရှင်းပြုမှုနှင့် ဆက်နွှယ်နေသော လက်ရှိမူဝါဒများသည် ဆင်းရဲမွဲတေမှုသံသရာကို ပို၍တွန်းအားပေးစေသည်။ လူမှုရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် စိတ်ဝင်စားမှုမရှိခြင်းနှင့်အတူ ရင်းမြစ်များ မျှတစွာဖြန့်ဝေရေးအပေါ် နောက်ထပ်အတားအဆီးများကို ဖန်တီးလျက် စီးပွားရေးအရနှင့် နိုင်ငံရေးအရ အားကောင်းသော လူတန်းစားတို့က ဆင်းရဲမွဲတေသူများ၏ ကုပ်ပေါ်၌ ခွစီးလျက်သား အနေအထား၌ ရှိနေသည်။ ဤနည်းအားဖြင့် ဆင်းရဲမွဲတေမှုမှသည် လူမှုရေးအရ ဖယ်ထုတ်ခံရခြင်းဆီသို့ ဦးတည်၍သွားသည်။

ဆင်းရဲမွဲတေမှုဟူသည် ဆင်းရဲသူများအပေါ်သို့သာ သက်ရောက်သည်ကား မဟုတ်ပေ။ ဆင်းရဲမွဲတေမှုသည် အထွေထွေသဘောအရ ချမ်းသာသူများနှင့် လူ့အဖွဲ့အစည်းတစ်ရပ်အပေါ်သို့ပါ သက်ရောက်မှုရှိသည်။ ဆင်းရဲမွဲတေမှုသည် မညီမျှမှုများကို ကြီး ထွားစေသောကြောင့် လူ့အသိုင်းအဝိုင်းအတွင်း သဘောထားကွဲလွဲမှုများကို ဖြစ်စေသည်။ ယင်းသည် ရာဇဝတ်မှု၊ တရားဥပဒေနှင့် အမိန့်အာဏာထိန်းသိမ်းမှုတို့နှင့်ပတ်သက် ၍ ကြီးစွာသော ပြဿနာများဆီသို့ ဦးတည်သွားစေသည်။ ဆင်းရဲမွဲတေနေသူတို့ အသက်မွေးဝမ်းကျောင်းမှုအတွက် ဖြစ်သည့်နည်းဖြင့် ရုန်းကန်ကြရသောအခါ ခိုးမှုနှင့် ဓားပြမှု ကဲ့သို့သော ရာဇဝတ်မှုများ ဖြစ်ပေါ်လာသည်။ ယနေ့ခေတ်သစ်တွင် ချမ်းသာသူတို့၏ ဘဝသည်လည်း ဆင်းရဲမွဲတေမှုကြောင့် နေ့စဉ်စိုးရိမ်ပူပန်လာကြရသည်။ ဆင်းရဲမွဲတေမှုသည် လူမှုရေးဆိုင်ရာ အများသဘောဆန္ဒများနှင့် နိုင်ငံရေးတည်ငြိမ်မှုအပေါ်လည်း အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာသည်။ ဆင်းရဲမွဲတေမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်ကို စုစည်းထားသည့်အရာများကို ဖျက်ဆီးပစ်လိုက်တတ်သည်။ ဆင်းရဲမွဲတေမှုသံသရာ၌ ပိတ်မိသွားသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုပျောက်ဆုံးသွားသူများကြောင့် လူသား ရင်းမြစ်သာမက အခြားရင်းမြစ်များလည်း အလဟဿဖြစ်ရသည်။ ဆင်းရဲမွဲတေမှုကြောင့် မျှော်လင့်ချက်ကုန်ခန်းနေသူတို့သည် ကြီးလေးသော ရာဇဝတ်မှုများကိုသာမက အကြမ်းဖက်မှုများကိုပါ ကျူးလွန်လာကြခြင်းဖြင့် လူ့အဖွဲ့အစည်းကို အကြီးအကျယ် ခြိမ်းခြောက်လာသည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှုဟူသည် ဆင်းရဲသူများကိုသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ခြိမ်းခြောက်နေသော အန္တရာယ်တစ်ရပ်ဖြစ်သောကြောင့် ဆင်းရဲမွဲတေမှုကိုဖြစ်စေသော မည်သို့သော အကြောင်းအရာမျိုးမှ အားကောင်းလာမှုမရှိစေရန် အများပြည်သူအနေဖြင့် အသိအမြင်ဖြင့် ကာကွယ်ကြရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK