Top News

ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်၍ ...
24htopnews | August 29, 2024 6:13 PM CST

ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် COVID-19 ကာကွယ်ဆေးထိုးနှံမှု ပထမအဆင့်တွင် လူ ၁၉ သန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို AstraZeneca ၏ COVID-19 ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ ဖြင့် စတင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် AstraZeneca ထံမှ ကာကွယ်ဆေး အလုံးရေ ၁၅၀၀၀၀ ကို မေလထက် နောက်မကျဘဲ ရရှိလာလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်က ဆိုသည်။ ပြည်သူများ တောင်းဆိုထားသည့်အတိုင်း COVID-19 နှင့်ဆက်နွှယ်သော ပြဿနာရပ်များကို လျင်လျင်မြန်မြန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသည့်အတွက် တောင်းပန်ကြောင်း အစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်လွှင့်သော ရုပ်သံဗီဒီယိုအတွင်း ပရာယွတ်က ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှု ပထမအဆင့်၏ ကြာချိန်သည် ဆေးရုံများတွင် ကာကွယ်ဆေးထိုးနှံမှုကို စီမံခန့်ခွဲနိုင်မှုစွမ်းအားနှင့် ရရှိမည့် COVID-19 ကာကွယ်ဆေးအရေအတွက်ပေါ်တွင် မူတည်လိမ့်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့၏ ကာကွယ်ဆေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဆိုဖွန်မက်သွန်က ပြောကြားခဲ့သည်။ ပြည်တွင်းဆေးကုမ္ပဏီ Siam Biosience မှ ထုတ်လုပ်မည့် AstraZeneca ၏ ကာကွယ်ဆေးအပါအဝင် ထိုင်းနိုင်ငံသည် AstraZeneca မှ COVID-19 ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၂၆ သန်းကို ရရှိမည်ဖြစ်ကာ တရုတ်၏ Sinovac ကာကွယ်ဆေး နှစ်သန်းကိုလည်း ရရှိမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကနဦးတွင် COVID-19 ကာကွယ်ဆေးများကို ပြည်တွင်းသို့ တင်သွင်းမည်ဖြစ်သော်လည်း ဇွန်လထက် နောက်မကျဘဲ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ဆိုဖွန်က ဆိုသည်။ ပြည်တွင်း၌ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့်အချိန်တွင် လူ ၃၁.၅ သန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။

ယင်းအချိန်တွင် အိန္ဒိယနိုင်ငံ၌ အရေးပေါ် အသုံးပြုရန် အစိုးရ၏ ခွင့်ပြုချက်ရရှိခဲ့သည့် COVID-19 ကာကွယ်ဆေးနှစ်မျိုးတွင်ပါဝင်သော Covaxin ဆေးကို ထုတ်လုပ်သည့် ဟိုင်ဒါရာဘက်မြို့အခြေစိုက် Bharat Biotech ကုမ္ပဏီက ၎င်း၏ ကာကွယ်ဆေး စမ်းသပ်မှုများကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ပြုလုပ်ရန် သက်ဆိုင်ရာ အစိုးရများထံမှ ခွင့်ပြုချက်ရရှိရေး ကြိုးပမ်းနေသည်ဟု နီးစပ်သူသုံးဦးက ပြောကြားခဲ့သည်။ ယင်းလှုပ်ရှားမှုကို Bharat Biotech ကုမ္ပဏီက ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ၎င်း၏ Covaxin ကာကွယ်ဆေးသည်လည်း အလားအလာကောင်းသည့် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အမွှမ်းတင်ရန်နှင့် စျေးကွက်သစ်များရရှိရန် တွန်းအားပေးလုပ်ဆောင်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။

Bharat Biotech ကုမ္ပဏီနှင့် အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ ICMR ၏ ပူနေးမြို့အခြေစိုက် နိုင်ငံပိုင် ဗိုင်းရပ်စ်ဗေဒဌာနတို့က ပူးတွဲထုတ်လုပ်ခဲ့သည့် Covaxin ကာကွယ်ဆေး စမ်းသပ်မှုများ အောင်မြင်မည်ဆိုလျှင် အိန္ဒိယ၏ ကာကွယ်ဆေးအရည်အချင်းကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။ အိန္ဒိယသည် ပူနေးအခြေစိုက် Serum Institute of India (SII) ကုမ္ပဏီမှ ထုတ်လုပ်သည့် Covishield ကာကွယ်ဆေးကိုလည်း အတည်ပြုထားပြီး ယင်းကာကွယ်ဆေးမှာမူ ဗြိတိန်၏ Oxford တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့၏ နည်းပညာဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။ ထို့ပြင် အိန္ဒိယတွင် ပြည်တွင်းလုပ် အခြားကာကွယ်ဆေးအများအပြားကိုလည်း စမ်းသပ်နေဆဲဖြစ်သည်။

ဒုတိယမြောက် သတင်းအရင်းအမြစ်တစ်ခုကမူ မြန်မာနိုင်ငံတွင်စမ်းသပ်မှုအတွက် Bharat Biotech ကုမ္ပဏီသည် မြန်မာအစိုးရနှင့် ဆက်သွယ်ခဲ့ပြီး စမ်းသပ်မှုများကို မကြာမီ စတင်ဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။ ICMR ၏အဆိုအရ ယင်းစမ်းသပ်မှုများသည် သက်ဆိုင်ရာ နိုင်ငံများတွင် ၎င်းတို့၏ ပြည်သူများကို ကာကွယ်ဆေးမထိုးနှံမီ ကြိုတင်လုပ်ဆောင်သည့် ပုံမှန်လုပ်ထုံးလုပ်နည်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ “နိုင်ငံအားလုံးမှာ ဆေးဝါးစမ်းသပ်မှုတွေအတွက် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ ရှိပြီး စမ်းသပ်မှုတွေကို လုပ်မလား၊ မလုပ်ဘူးလားဆိုတာကို ဆုံးဖြတ်ပေးမယ့် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့တွေ ရှိကြပါတယ်။ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သက်ပြီး အိန္ဒိယက ဘာမှဝင်မပြောနိုင်ပါဘူး” ဟု ICMR ၏ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ်မှုဆိုင်ရာ အကြီးအကဲ ဆာမီရန်ပန်ဒါက ပြောကြားခဲ့သည်။ သို့သော် Bharat Biotech ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ကာကွယ်ဆေး ထိရောက်မှုဆိုင်ရာ စမ်းသပ်ချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 ကာကွယ်ဆေးများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့်လည်း ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိုယ်ပိုင်စမ်းသပ်ချက်များ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Dailyh Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 


READ NEXT
Cancel OK