Top News

လူတိုင်းအတွက် ကာကွယ်ဆေး
24htopnews | August 29, 2024 6:13 PM CST

COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်နှစ် မတ်လကတည်းက အင်တိုက်အားတိုက် ကြိုးပမ်းနေခဲ့သည့် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်းမှာ ဇန်နဝါရီ ၂၆ ရက်တွင် တစ်သန်းနီးပါးသို့ ရောက်ရှိလာခဲ့သည်။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး စတုတ္ထမြောက်နိုင်ငံဖြစ်သော အင်ဒိုနီးရှား၌ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉၉၉,၂၅၆ ဦးအထိ ရှိလာခဲ့ပြီး နေ့အလိုက် ပိုးတွေ့လူနာအရေအတွက် ၁၁,၀၀၀ အထက် ရှိနေသည်မှာ သီတင်းတစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ နိုင်ငံအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြောင့် လူ ၂၈,၁၃၂ ဦး သေဆုံးထားသည်။

ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူသော COVID-19 အတည်ပြုလူနာ အရေအတွက် အဆမတန် များပြားနေခြင်းကြောင့် အင်ဒိုနီးရှားအစိုးရအဖွဲ့က ယခုလအစောပိုင်းတွင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ခဲ့ပြီး နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကိုလည်း စတင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရောဂါစစ်ဆေးမှု၊ ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ထိတွေ့မိသူများအား ခြေရာခံရှာဖွေခြင်းလုပ်ဆောင်မှုနှုန်းအနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်နေခြင်းကြောင့်သော်လည်းကောင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းထက် COVID-19 ကာကွယ်ဆေး ရရှိရေးကိုသာ အလွန်အမင်း အာရုံစိုက်နေခြင်းကြောင့်သော်လည်းကောင်း နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိနေသည့်အတွက် အင်ဒိုနီးရှားအစိုးရအဖွဲ့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“အစိုးရအဖွဲ့အနေနဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ပေးဖို့ လိုပါတယ်။ အခုအချိန်ထိ အပြင်ထွက်ရင် နှာခေါင်းစည်း မတပ်တဲ့သူတွေကို တွေ့နေရဆဲပဲ” ဟု အသက် ၄၂ နှစ်အရွယ် ဂျကာတာဒေသခံတစ်ဦးက ဆိုသည်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်၏ ဦးစားပေးကဏ္ဍနှစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ကာ ဧပြီလမတိုင်မီအထိ ထိုကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်မည်ဟု ခန့်မှန်းထားကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် တရုတ်ဆေးကုမ္ပဏီ Sinovac က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အဓိက ထိုးနှံပေးမည်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကာ ယင်းနောက် ဆိပ်ကမ်းများ၊ ဘူတာရုံများ၊ လျှပ်စစ်ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းများ၊ ရေရောင်းချသည့် ကုမ္ပဏီများ၊ လူထုအကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသူများကို ဒုတိယဦးစားပေးအဖြစ် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးအသစ်တစ်မျိုးကို သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းသည် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ယင်းထက် ပို၍ကြာအောင် အချိန်ယူရတတ်သည်။ COVID-19 ကာကွယ်ဆေးပေါင်း များစွာထွက်ပေါ်လာစေသည့် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဖွံ့ဖြိုးမှုသည် များပြားလှသော ငွေကြေးပမာဏနှင့် ဘီလျံနှင့်ချီသော ဆေးအလုံးရေကို ကြိုတင်မှာယူထားမှုများက ကျောထောက်နောက်ခံပြုပေးထားသော အစိုးရနှင့် ပုဂ္ဂလိက သုတေသနမိုးကြိုးစစ်ဆင်ရေးကြီးတစ်ရပ်ကို မြင်သာစေသည်။

သို့သော် Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည်ပင်လျှင် ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းအပါအဝင် မေးခွန်းထုတ်စရာများစွာ ထွက်ပေါ်နေသော်လည်း “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ် အကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေး ထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေအများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်ကတည်းက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက် ထားရှိရမည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK