Top News

ကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး
24htopnews | August 29, 2024 6:13 PM CST

ယမန်နေ့က စတင်၍ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးများထိုးနှံပေးနေပြီဖြစ်သည်။ ဦးစားပေးအစုအဖွဲ့ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းဖြစ်ပြီး အိန္ဒိယမှ ကူညီပေးပို့သည့် COVISHELD များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစသဖြင့် မြို့နယ်များတွင် စတင်ထိုးနှံမည်ဖြစ်သည်။ အစိုးရအနေဖြင့် အိန္ဒိယမှ COVID ကာကွယ်ဆေးများကို ဝယ်ယူရန်အတွက်လည်း စီစဉ်ထားပြီးဖြစ်သကဲ့သို့  ပြည်သူများထိုးနှံနိုင်ရန် ရပ်ကွက်များ၌ စာရင်းကောက်ယူမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ယခုအခြေအနေတွင် အများပြည်သူအကြား COVID ကာကွယ်ဆေးနှင့်ပတ်သက်၍ သိချင်သောအကြောင်းအရာများ၊ စိုးရိမ်မှုများလည်းရှိနေသည်။ COVID ကာကွယ်ဆေး ထိုးနှံမှုစတင်နေသော်လည်း COVID ကာကွယ်ထိန်းချုပ်ရေး၌ လစ်ဟင်း၍မရသည့် အခြေအနေများလည်း ရှိနေသည်။

လတ်တလောတွင် ကမ္ဘာအနှံ့အသုံးပြုနေသော COVID ဆေးများ၏ အာမခံနိုင်စွမ်းသည်လည်း သံသယအခြေအနေတွင် ရှိနေဆဲဖြစ်နေသည်။ သေချာသည်မှာ COVID ကိုထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် ပေါ့ဆ၍မရဘဲ  ချမှတ်ထားသောကျန်းမာရေးဆိုင်ရာစည်းကမ်းများကို လိုက်နာရန်လည်း အရေးကြီးပေသည်။ သန်း ၅၀ ကျော်သော ပြည်သူများအနေဖြင့် COVID ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ဖြင့် အချိန်တိုအတွင်း ထိုးနှံနိုင်ရန် မလွယ်ကူသေးပေ။ ဖေဖော်ဝါရီ ၅ ရက်မှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များနှင့်အတူ ပြည်သူများကို စတင်ထိုးနှံမည်ဖြစ်ပြီး Stay at Home မြို့နယ်များမှ အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိလွယ်သော လူအုပ်စုများကို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးရန်လည်း ရှိနေသည်။

ကာကွယ်ဆေးထိုးနှံခြင်းနှင့်အတူ လူစုလူဝေးရှောင်ရှားခြင်းကဲ့သို့သော ကိုဗစ်စည်းကမ်းများ လျော့ရဲမသွားစေရန် ဂရုစိုက်ရမည့် ကိစ္စများလည်းရှိနေသည်။ ကမ္ဘာ့ဒေသအချို့တွင်ဖြစ်နေသော ကိုဗစ်မျိုးကွဲသစ်များ၏ အန္တရာယ်များကိုလည်း တာဆီးကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်။

တောင်အာဖရိကတွင်တွေ့ရှိခဲ့သည့် COVID-19 မျိုးကွဲသစ်သည် ယခင်ကရောဂါကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာခဲ့သူများထံမှ ရယူခဲ့သည့် သွေးရည်ကြည်ကို အသုံးပြုထားသော ကုထုံးများတွင် ပဋိပစ္စည်းများ၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ပြီး လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ကျစေဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာတစ်ဝန်း ထိုးနှံနေသည့် ကာကွယ်ဆေးများသည် နှစ်ကုန်ပိုင်းက၂၀၂၀ နှစ်ကုန်ပိုင်းက နယ်ဆင်မင်ဒဲလား ပင်လယ်အော်မြို့တွင် တောင်အာဖရိကမျိုးဗီဇပညာရှင်များတွေ့ရှိခဲ့သည့် 501Y.V2 ဟုခေါ်သည့် မျိုးကွဲသစ်ကို ထိရောက်စွာကာကွယ်နိုင်ခြင်း ရှိ မရှိအပေါ် သုတေသီများက လေ့လာနေကြရဆဲပင်ဖြစ်သည်။ သုတေသီတို့၏ဖော်ပြချက်တွင် ဗိုင်းရပ်စ်ထပ်မံကူးစက်နိုင်ခြေရှိကြောင်းနှင့် လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားတွင် ထိုးနှံပေးနေသော ဗိုင်းရပ်စ်ကာကွယ်ဆေးများ၏ ထိရောက်နိုင်မှုကို လျော့ကျစေဖွယ်ကြောင်း မျိုးကွဲသစ်နှင့်ပတ်သက်၍ ဖော်ပြထားမှုသည် ကမ္ဘာတစ်ဝှမ်း ကိုဗစ်တိုက်ဖျက်ရေးအတွက် သတိထားဖွက်ရာလည်းဖြစ်သည်။ ယင်း 501Y.V2 ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ယခင်မျိုးဗီဇထက် ပိုမိုကူးစက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၂၀ တွင် ပျံ့နှံ့နေသည်ဟု တောင်အာဖရိကသုတေသီများက ပြောကြားထားသည်။ တောင်အာဖရိကအပြင် အင်္ဂလန်နှင့် ဘရာဇီးနိုင်ငံများတွင်လည်း အခြားဗိုင်းရပ်စ်မျိုးကွဲသစ်များကို တွေ့ရှိခဲ့သည်။

ဗြိတိန်သိပ္ပံပညာရှင်များနှင့် နိုင်ငံရေးသမားများကလည်း လက်ရှိကမ္ဘာတစ်ဝန်းတွင် အသုံးပြုထိုးနှံနေသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများသည် ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်အား ထိရောက်မှုနည်းပါးနိုင်ခြေရှိသည့်အပေါ် စိုးရိမ်မှုမြင့်တက်နေသည်။ ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီးတို့တွင် ကူးစက်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များကဲ့သို့ ကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပွားလာခြင်းကို တားဆီးပေးနိုင်သည့် COVID-19 ကာကွယ်ဆေးသစ်တစ်မျိုးကို အလျင်အမြန်တီထွင်ဖော်စပ်နိုင်ရန် Oxford တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများက ဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ဗိုင်းရပ်စ်မျိုးကွဲများ၏ အန္တရာယ်ကိုလည်းကောင်း၊ အသုံးပြုမည့် ကာကွယ်ဆေးများ၏ ထိရောက်မှုကိုလည်းကောင်း အမြဲမပြတ် လေ့လာဆန်းစစ်နေရန် လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်နေကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်နှင့်အတူ ကိုဗစ်အပြီးတိုင် ထိန်းချုပ်နိုင်ရေးနှင့် ယင်းကပ်ဘေးကို ကျော်လွှားနိုင်ရေးအတွက် စိန်ခေါ်မှုများ ရှိနေသည်ကို သတိချပ်ရန်လိုပေသည်။ ထို့အတွက် တစ်ဦးတစ်ယောက်ချင်းမှစ၍ ကိုဗစ်ကာကွယ်ရေး စည်းကမ်းများကို ကျန်းမာရေး အသိသတိများဖြင့် လိုက်နာနိုင်မှုသည် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK