Top News

COVID-19 နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု
24htopnews | August 29, 2024 6:13 PM CST

COVID-19 ကပ်ရောဂါသည်  ဆင်းရဲ၊ ချမ်းသာ မညီမျှမှုများကို ပိုမိုဆိုးရွားစေရန် ဖန်တီးနေပြီး ချမ်းသာသူများသည် လျင်မြန်စွာ ပိုမိုချမ်းသာလာနေချိန်တွင် ကမ္ဘာ့အဆင်းရဲဆုံး နှစ်ကာလများကို ရင်ဆိုင်ဖြေရှင်းရမည်ဟု ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအဖွဲ့ Oxfam က ဇန်နဝါရီ ၂၅ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ “မျှတမှုမရှိစေသည့် ဗိုင်းရပ်စ်” ဟု ခေါင်း စဉ်တပ်ထားသည့် Oxfam ၏ ထုတ် ပြန်ချက်၌ ကပ်ရောဂါကြောင့် နိုင်ငံအားလုံး တွင် တစ်ချိန်တည်းမှာပင် မမျှတမှုများ မြင့်တက်နေသည်ကို ပထမဆုံးအကြိမ်မြင်တွေ့ နေရသည်ဟု သတိပေးခဲ့သည်။ “ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အယောက် ၁,၀၀၀ ဟာ COVID-19 ကြောင့် သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ကိုးလအတွင်း ပြန်လည်ရရှိခဲ့ပေမဲ့ ကမ္ဘာ့ အဆင်းရဲဆုံးလူတွေကတော့ နာလန်ထူဖို့ ဆယ်စုနှစ်တစ်ခုကျော်လောက် အချိန်ယူရ ပါလိမ့်မယ်” ဟု Oxfam က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှု သည် နိုင်ငံအချို့ရှိ တိုင်းရင်းသားလူနည်းစု ဒေသများတွင် သေဆုံးမှုနှုန်း မြင့်တက်စေပြီး ကပ်ရောဂါကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့ သည့် စီးပွားရေးကဏ္ဍများတွင် အမျိုးသမီးလုပ်သားအင်အား မမျှမတဖြစ်စေမှုနှင့်အတူ တစ်ဖက်စောင်းနင်းအခြေအနေများကို ဖြစ်စေခဲ့သည်ဟု Oxfam က ဖော်ပြခဲ့သည်။ Oxfam ၏ ထုတ်ပြန်ချက်သည် ယခု သီတင်းပတ်အတွင်း ဗီဒီယိုဆက်သွယ်မှုမှ တစ်ဆင့်ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဒါးဗို့စ်အစည်းအဝေး စတင်ချိန်နှင့် အချိန်ကိုက် ထွက် ပေါ်လာခြင်း ဖြစ်သည်။ ဒါးဗို့စ်အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင် များသည် ကပ်ရောဂါကို အမြစ်ဖြတ်နိုင်မည့် နည်းလမ်းများကို အဖြေရှာမှုများ၊ လာမည့် နှစ်အတွက် စီးပွားရေးနာလန်ထူမှုများကို အဓိကထားပြီး သီတင်းတစ်ပတ်လုံး ဆွေးနွေး သွားမည်ဖြစ်သည်။ Oxfam ကမူ COVID-19 မှ စီးပွားရေး လျင်မြန်စွာ ပြန်လည် နာလန်ထူရန် အဓိကအချက်မှာ စီးပွားရေးများ သာတူညီမျှရှိရေး ဖြစ်သည်ဟု တိုက်တွန်း ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကပ်ရောဂါကာလတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသင်း အဖွဲ့ ၃၂ ခု၏ အပိုအမြတ်ငွေများအပေါ် ယာယီအခွန်စည်းကြပ်ကောက်ခံမှုသည် ဒေါ် လာ ၁၀၄ ဘီလျံ ရှိခဲ့ပြီး ယင်းပမာဏသည် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင် နေထိုင်သည့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုအားလုံးအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ကာ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ ထောက်ပံ့ပေးရန် လုံ လောက်သည့် ပမာဏဖြစ်သည်ဟု Oxfam က တွက်ချက်ဖော်ပြခဲ့သည်။ “လွန်ကဲတဲ့ မညီမျှမှုတွေကို မရှောင်လွှဲနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မူဝါဒ ရွေးချယ်မှုတော့ လိုပါတယ်” ဟု Oxfam International ၏ အမှုဆောင်ညွှန်ကြားရေး မှူး ဂေဘရီယယ်လာ ဘူခါက ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များတွင်လည်း ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုသည် ၂၀၃၀ ပြည့်နှစ်တွင် ပိုမို မြင့်တက်လာနိုင်ကြောင်း ဖော်ပြခဲ့သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့် ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ် လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒ များအား အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီး မြှုပ်နှံရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာကလည်း ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် အစိုးရအဖွဲ့များအနေဖြင့် COVID-19ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမို လျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန်အတွက် ၎င်းတို့၏ စီးပွားရေးများကို အလုံးစုံပြုပြင်ပြောင်းလဲရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဇန်နဝါရီ  ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK