Top News

COVID-19 ကာကွယ်ဆေးနှင့် မျိုးကွဲသစ်ပြဿနာ
24htopnews | August 29, 2024 6:13 PM CST

တောင်အာဖရိကတွင်တွေ့ရှိခဲ့သည့် COVID-19 မျိုးကွဲသစ်သည် ယခင်ကရောဂါကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာခဲ့သူများထံမှ ရယူခဲ့သည့် သွေးရည်ကြည်ကို အသုံးပြုထားသော ကုထုံးများတွင် ပဋိပစ္စည်းများ၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ပြီး လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ကျစေဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာတစ်ဝန်း ထိုးနှံနေသည့် ကာကွယ်ဆေးများသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နယ်ဆင်မင်ဒဲလား ပင်လယ်အော်မြို့တွင် တောင်အာဖရိက မျိုးဗီဇပညာရှင်များ တွေ့ရှိခဲ့သည့် 501Y.V2 ဟုခေါ်သည့် မျိုးကွဲသစ်ကို ထိရောက်စွာ ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ အပေါ် သုတေသီများက လေ့လာနေကြသည်။

“ဒီမျိုးကွဲသစ်ဟာ သီးသန့်သွေးဖြူဥတွေကို ကိုယ်ပွားဖန်တီးထားတဲ့ပဋိပစ္စည်းတွေနဲ့ ဆက်နွှယ်နေတဲ့ ကုထုံးသုံးမျိုးကနေ လုံးလုံးလျားလျား ရှောင်လွှဲနိုင်ကြောင်း ပြသနေပါတယ်” ဟု တောင်အာဖရိကကူးစက်ရောဂါများဌာန NICD နှင့်အတူ ပူးတွဲလုပ်ဆောင်နေသည့် တောင်အာဖရိကတက္ကသိုလ်သုံးခုမှ သိပ္ပံပညာရှင်များအဖွဲ့က ၎င်းတို့ တွေ့ရှိချက်ကို bioRxiv ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ “ဒါ့အပြင် 501Y.V2 ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ COVID-19 ရောဂါကနေ ပြန်လည်သက်သာကောင်းမွန်သွားသူတွေရဲ့ သွေးရည်ကြည်မှာ COVID-19 ကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေကနေလည်း လွတ်မြောက်နိုင်တယ်ဆိုတာ ပြသနေပါတယ်” ဟု ၎င်းတို့က ရေးသားခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ နိဂုံးချုပ်ဖော်ပြချက်တွင် ဗိုင်းရပ်စ်ထပ်မံကူးစက်နိုင်ခြေရှိကြောင်းနှင့် လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားတွင် ထိုးနှံပေးနေသောဗိုင်းရပ်စ်ကာကွယ်ဆေးများ၏ ထိရောက်နိုင်မှုကို လျော့ကျစေဖွယ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။

501Y.V2 ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ယခင်မျိုးဗီဇထက် ပိုမိုကူးစက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၂၀ တွင် ပျံ့နှံ့နေသည်ဟု တောင်အာဖရိကသုတေသီများက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ တောင်အာဖရိကအပြင် အင်္ဂလန်နှင့် ဘရာဇီးနိုင်ငံများတွင်လည်း အခြားဗိုင်းရပ်စ်မျိုးကွဲသစ်များကို တွေ့ရှိခဲ့သည်။ ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်သည် တောင်အာဖရိက၏ ဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းကို အဓိကဖြစ်ပေါ်စေခဲ့ပြီး ယခုလအစောပိုင်းက နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၀၀၀ အထိ မြင့်တက်ခဲ့သည်။

ဗြိတိန်သိပ္ပံပညာရှင်များနှင့် နိုင်ငံရေးသမားများကလည်း လက်ရှိကမ္ဘာတစ်ဝန်းတွင် အသုံးပြုထိုးနှံနေသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများသည် ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်အား ထိရောက်မှုနည်းပါးနိုင်ခြေရှိသည့်အပေါ် စိုးရိမ်မှုများမြင့်တက်နေသည်။ ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီးတို့တွင် ကူးစက်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များကဲ့သို့ ကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပွားလာခြင်းကို တားဆီးပေးနိုင်သည့် COVID-19 ကာကွယ်ဆေးသစ်တစ်မျိုးကို အလျင်အမြန် တီထွင်ဖော်စပ်နိုင်ရန် Oxford တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြိုးပမ်းနေကြကြောင်း The Telegraph သတင်းစာက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Oxford နှင့် AstraZeneca တို့ ပူးပေါင်းထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို တီထွင်ဖော်စပ်ခဲ့သည့် သိပ္ပံပညာရှင်အဖွဲ့သည် ၎င်းတို့၏ ChAdOx ကာကွယ် ဆေးဖော်စပ်မှုနည်းပညာကို အသေးစိတ် ပြန်လည်ဆန်းစစ်တွက်ချက်ရန် အားသာချက်/ အားနည်းချက်ဆိုင်ရာ လေ့လာချက်များအား တာဝန်ယူဆောင်ရွက်နေကြောင်း Oxford တက္ကသိုလ်၏ အတည်ပြုချက်ကို ကိုးကားဖော်ပြခဲ့သည်။

ကာကွယ်ဆေးထိုးနှံထားမှုအပေါ် ဗိုင်းရပ်စ်မျိုးကွဲသစ်များ၏ သက်ရောက်မှုကို Oxford တက္ကသိုလ်က ဂရုတစိုက် အကဲဖြတ်လေ့လာနေပြီး COVID-19 ကာကွယ်ဆေးသစ်များ အလျင်အမြန် တီထွင်ထုတ်လုပ်ရန်အတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ချင့်ချိန်ဆောင်ရွက်နေကြောင်း Oxford မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များကို ကာကွယ်တားဆီးနိုင်ရန် တီထွင်ဖော်စပ်ထားသည့် COVID-19 ကာကွယ်ဆေးသစ်များကို အသုံးပြုခွင့်ပေးရန် ဗြိတိန်ဆေးဝါးစီမံ ကွပ်ကဲရေးအဖွဲ့က အသင့်ရှိနေလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့နှံ့နေသည့် COVID-19 ဗိုင်းရပ်စ်မျိုးကွဲများကိုလည်းကောင်း၊ အသုံးပြုမည့် ကာကွယ်ဆေးများ၏ ထိရောက်မှုကိုလည်းကောင်း အမြဲမပြတ် လေ့လာဆန်းစစ်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK