Top News

ဆင်းရဲသောနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေး
24htopnews | August 29, 2024 6:13 PM CST

ပဋိပက္ခများကို ကာကွယ်ရန်၊ အခြေခံလုံခြုံရေး သို့မဟုတ် အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ရန် အစိုးရအင်စတီကျူးရှင်းများ၏ မစွမ်းဆောင်နိုင်မှုက နိုင်ငံသားများ (အထူးသဖြင့် ဆင်းရဲသားများ) အတွက် ပျက်စီးရာပျက်စီးကြောင်း အကျိုးဆက်များကို ဖြစ်စေနိုင်သည်။ အဆင်းရဲဆုံးနှင့် အားအနည်းဆုံး လူ (ပြည်သူ)များအတွက် ၎င်းတို့အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တို့၏ ဆောင်ရွက်ပုံနည်းလမ်းများက ၎င်းတို့၏ဘဝ၌ များစွာသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။ ဆိုရသော် ဆင်းရဲသော်တိုင်းပြည်မှ ပြည်သူများသည် ချမ်းသာသော ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်မှ ပြည်သူများနှင့် ယှဉ်လျှင် လူ့အခွင့်အရေးနှင့် အစိုးရကပေးသော ဝန်ဆောင်မှုကဏ္ဍများတွင် ချို့တဲ့နေပေလိမ့်မည်။ ယင်း၏ နောင်ဆက်တွဲဆိုးကျိုးများကို ခါးစီးခံကြရမည်။ ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှု ဆက်နွှယ်နေသည်ကို အားလုံးသိရှိကြပြီးဖြစ်သည်။ ဝင်ငွေမရှိခြင်း သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းမရှိ၍ ဝင်ငွေရလမ်းနည်းပါးခြင်းသည် မကောင်းမှုဒုစရိုက်များဆီသို့ တွန်းပို့နိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိသည့် သဘောတရားတစ်ရပ်ပင်ဖြစ်သည်။ ဂရိတွေးခေါ်ရှင် အရစ္စတိုတယ်က “ဆင်းရဲမွဲတေမှုသည် ရာဇဝတ်မှု၏မိဘ” ဟု ဆိုထားသည်။

ဆင်းရဲမှုနှင့် မပြည့်စုံမှုတို့၏နောက်တွင် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုသည်လည်း ပြဿနာတစ်ရပ် ဖြစ်လာလိမ့်မည်။ တရားဥပဒေစိုးမိုးမှုမရှိသော တိုင်းပြည်တွင် အဂတိထူပြောမည်ဖြစည်။ အထက်မှအောက်ခြေအဆင့်ထိ အဂတိအမြစ်တွယ်နေသည့်အခါ တိုင်းပြည်နာလန်ထူရန်မလွယ်တော့ပေ။ တိုင်းပြည်ဆင်းရဲတွင်းမှ မလွန်မြောက်နိုင်တော့ပေ။ တရားဥပဒေစိုးမိုးမှုသည် တိုင်းပြည်ဆင်းရဲချမ်းသာနှင့်လည်း ယှဉ်၍ ကွာဟမှုရှိသည်မှာ အမှန်ဖြစ်သည်။ Oxford Dictionary ၌ တရားဥပဒေစိုးမိုးရေး Rule of Law အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များအပါအဝင်) လူ့အဖွဲ့အစည်းဝင် အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းမှ သက်ဆိုင်ရာ အရာရှိများနှင့် တရားသူကြီးများအပါအဝင် လူတိုင်းက ဥပဒေကို ခံယူခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအမြင်အရကြည့်လျှင် တရားဥပဒေစိုးမိုးရေးဟူသည် အုပ်စိုးသူများက ဥပဒေ၏အထက်၌ ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသော စနစ်များနှင့် ဆန့်ကျင်ရပ်တည်၍ နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေးချို့တဲ့မှုကို  တွေ့မြင်ရတတ်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်သည့်အခါ တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီးရန်သာ ပိုမိုအလေးသာစေသည်။

မည်သည့်နိုင်ငံ၌မဆို တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးလာပါက ပြည်သူလူထု၏ နေ့စဉ်ဘဝများ မလုံခြုံရုံမျှမက အသက်မွေးမှုအလုပ်များကိုလည်း ကောင်းစွာပြုလုပ်နိုင်တော့မည်မဟုတ်သောကြောင့် သက်ဆိုင်ရာနိုင်ငံအနေဖြင့် အလုံးစုံပျက်သုဉ်းမှု လမ်းကြောင်းဆီသို့သာ ဦးတည်၍သွားမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်လျှင် ပြည်သူလူထုမှာ ပို၍ အထိနာပေလိမ့်မည် အထူးသဖြင့် အခြေခံလူတန်းစားအလွှာတွင် ကြီးစွာသော အကျပ်အတည်းများဖြစ်ပြီး ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း လူတန်းစားကွာဟမှုကြီးထွားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်သို့ ရောက်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့ကြောင့်  တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များက မလွဲမသွေ ကြိုးစားလုပ်ဆောင်ရန် လိုနေရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထင်သာမြင်သာရှိ၍ အောင်မြင်အောင်လုပ်ဆောင်နိုင်မှုသည်လည်း အရေးပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်သကဲ့သို့  တစ်ဆက်တည်း တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စများကိုပါ တာဝန်ရှိသူတို့က အလေးထားလုပ်ဆောင်ရန် လိုအပ်ခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK