Top News

၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ်အပါအဝင် လက်နက်သုံးထောင်နီးပါးနှင့် ကျည်ဆန်သုံးသိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
24htopnews | August 26, 2024 6:12 PM CST

၂၀၂၂ ခုနှစ်  သြဂုတ်လကုန်အထိ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ်အပါအဝင် လက်နက်သုံးထောင်နီးပါးနှင့် ကျည်ဆန်သုံးသိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၆ ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ရုရှားနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms.Kukushkina Tatiana ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဒီသြဂုတ်လကုန်ထိပေါ့လေ။ ပစ္စတို၊ မောင်းပြန်ရိုင်ဖယ် စသည်ဖြင့် ဒါတွေအကုန်လုံးပေါင်းလိုက်ရင် သုံးထောင်နီးပါးလောက် ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ အလားတူပဲ ကျည်ဆန်ဆိုလို့ရှိရင် သုံးသိန်းကျော်လောက် ဖမ်းဆီးရမိခဲ့တာရှိတယ်။ ဒါတွေကတော့ တကယ်တမ်းတော့ အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နစကအနေဖြင့် လက်နက်သယ်ယူရေးလမ်းကြောင်းများကို တတ်နိုင်စမျှ ရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးနေကြောင်း၊ နောင်တစ်ချိန်တွင် ပျောက်ကွယ်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်မငြိမ်မှုနောက်ကွယ်တွင် လက်နက်ထောက်ပံ့မှုအများအပြားရှိကြောင်း၊ ပြီးခဲ့သည့်နှစ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထောက်ပ့ံသည့် လက်နက်ခဲယမ်းများစွာ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) က လက်နက်ထောက်ပံ့မှု အများအပြားရှိခဲ့ကြောင်း၊ ထို့ပြင် ကရင်လက်နက်ကိုင်အဖွဲ့ (KNU)ထံမှလည်း ရယူခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းလက်နက်များကို ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့သည့် ငွေကြေးများဖြင့် တရားမဝင်လက်နက်ရောင်းချသည့် အဖွဲ့အစည်းများထံမှ ဝယ်ယူ၍ ထောက်ပံ့နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ဒီဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို များစွာ ပါဝင်ပတ်သက်နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့အဓိကကတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ကနေပြီးတော့ ထောက်ပံ့ပေးခဲ့တာ တော်တော်အများကြီး ကျွန်တော်တွေ့ပါတယ်။ ဒုတိယကတော့  မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်း ကေအန်ယူ  လက်နက်ကိုင်သောင်းကျန်းသူရဲ့နယ်မြေမှာ နယ်မြေကနေပြီးတော့ ရယူခဲ့တာ ကျွန်တော်တို့တွေ့ပါတယ်။ ဒီဟာတွေကတော့ တော်တော်များများကတော့ ပြည်တွင်းပြည်ပကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ပံ့ကြတဲ့ ငွေကြေးတွေကနေပြီးတော့မှ တရားမဝင်လက်နက်ကိုင် လက်နက်ရောင်းချတဲ့ အဖွဲ့အစည်းတွေကနေ ဝယ်ယူပြီးတော့မှ ထောက်ပံ့ပေးနေတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK