Top News

7 July အထိမ်းအမှတ်အဖြစ် ကျောင်းသားများ ချီတက် လမ်းလျှောက်ခြင်းကို ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်ကပင် ဖမ်းဆီးခြင်း မရှိခဲ့သည့်အတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တရားမျှတမှု ရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | August 25, 2024 5:12 PM CST

7 July အထိမ်းအမှတ်အဖြစ် ကျောင်းသားများ ချီတက် လမ်းလျှောက်ခြင်းကို ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်ကပင် ဖမ်းဆီးခြင်း မရှိခဲ့သည့်အတွက်  မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် တရားမျှတမှု ရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“7 July ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ မိုးမှောင်ကျတဲ့ ၆၂ ခုနှစ်က ကျောင်းသားတွေက အုတ်နံရံကို ကျွန်တော်တို့ ဒီမိုကရေစီမုခ်ဦးကို ကာထားတဲ့ အုတ်နံရံကို ခေါင်းနဲ့ ဆောင့်တိုက်ပြီးတော့ ဒီမိုကရေစီအတွက် တပ်လှန့်ခဲ့တဲ့နေ့ပါ။ အဲဒီနေ့ကို ချီတက်တာ ဆန္ဒပြတာ မဟုတ်ဘူး။ ချီတက်တဲ့ ကျောင်းသားတွေကို ဖမ်းတယ်။ ခြောက်ဦး အဖမ်းခံရပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတောင်မှ ကျွန်တော်တို့ မဖမ်းပါဘူး” ဟု ဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် တရားမျှတမှု ရှိစေရန် ဆောင်ရွက်ပေးဖို့ကိုလည်း ၎င်းက ပြောကြားသည်။

“ဒီကိစ္စတွေကိုလည်း တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ကော်မရှင်ကို တိုက်တွန်းလိုပါတယ်။ တိုက်တွန်းရင်းနဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဟာ ပိုပြီးတော့ ဘောင်ကျယ်လာပါစေ။ ဆထက်တပိုး အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချ ဖျက်ဆီးခြင်း ခံခဲ့ရသည့် သမဂ္ဂအဆောက်အုံ မြေနေရာ၌ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် 7 July အခမ်းအနားကို ဇူလိုင် ၇ ရက်က ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) က အင်းလျားကန်ဘောင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။

ထိုသို့ လမ်းလျှောက် ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်နှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား နှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ ကိုဟန်မင်းထက်တို့ကို ကမာရွတ်ရဲစခန်းနှင့် လှိုင်မြို့နယ် ရဲစခန်းတို့တွင် ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

7 July ချီတက်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းသား ရှစ်ဦးကို ပုဒ်မ ၁၉ ဖြင့် ဇူလိုင် ၁၈ ရက်တွင် စတင် တရားစွဲဆိုခဲ့သည်။

“ကျွန်တော်တို့ကို အမှုစွဲတင်တာကို တရားရုံးက လက်ခံလိုက်တယ်။ ကျွန်တော်တို့ကို အာမခံယူဖို့ ပြောတယ်။ ကျွန်တော်တို့က ကိုယ်ပိုင်အာမခံပေးမယ် ဆိုရင်တော့ ယူမယ်ဆိုတော့ ကိုယ်ပိုင် အာမခံပေးတယ်။ သိန်း ၅၀ နဲ့ ကိုယ်ပိုင်အာမခံ ယူပြီးတော့ ၃၀ ရက်နေ့ကို ပထမဆုံး ရုံးချိန်း စမှာပါ။ ကိုယ်ပိုင်အာမခံ ဆိုရင်တော့ ကိုယ့် ကိုယ်ကိုယ် အာမခံနိုင်တယ်။ နိုင်ငံရေးအမှု ဖြစ်တဲ့အတွက် ထွက်ပြေးမယ့်သူလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအရ သူများ အာမခံပေးစရာ မလိုဘူးလို့ ယူဆတာဖြစ်တဲ့အတွက် ကိုယ်ပိုင်အာမခံ ဆိုရင်တော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ သူများ အာမခံပေးရမယ် ဆိုရင်တော့ ကျွန်တော်တို့ ယူမှာ မဟုတ်ပါ ဘူး”ဟု တရားစွဲဆိုခံရသူ ကိုမင်းသွေးသစ် က ပြောကြားသည်။

7 July ချီတက်ရာတွင် ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ခြောက်ဦးကို ကမာရွတ်မြို့နယ် တရားရုံးနှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) မှ ကျောင်းသားနှစ်ဦးကို လှိုင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား လေးဦးသာ တရားရုံးသို့ လာရောက်ရန် ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံယူခဲ့ကြောင်း၊ တကသ ကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် လှိုင်မြို့နယ်တရားရုံးမှ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

   


READ NEXT
Cancel OK