Top News

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် လျှောက်လဲတင်ပြခြင်းနှင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ သဘောထား မှတ်ချက် တောင်းဆိုမှုများသည် ခုံရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့်ထဲတွင် မရှိခြင်းကြောင့် ပလပ်
24htopnews | August 25, 2024 5:12 PM CST

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၅ အား အဓိပ္ပာယ် ဖွင့်ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီက လျှောက်လဲ တင်ပြခြင်းနှင့် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းကြောင်းအဆိုကို အတည်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း လုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ-မရှိ” သဘောထား မှတ်ချက် တောင်းဆိုခြင်းများသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ထဲတွင် မရှိခြင်းကြောင့် ခုံရုံးက ပလပ်လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်အခွင့်ရ ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ ၂၅ ဦးက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းသည့် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်း လုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ-မရှိ သဘောထား ရယူပေးရန်” ဟု ဖော်ပြထားသော တင်သွင်းလွှာနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂)  ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ နည်းလမ်းတကျ တင်သွင်းလာသည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လျှောက်ထားမှုများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဇူလိုင် ၂၅ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့အပြီးတင်သွင်းလွှာ နှစ်ခုကို ပလပ်လိုက်ခြင်းသည် မည်သည့်အချက်များကြောင့် ပလပ်လိုက်ခြင်းလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စုလွှတ်တော် အခွင့်ရကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အထက်ပါကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ ဆုံးဖြတ်ချက်ထဲမှာ ပါတာပေါ့။ အဓိကအချက်က ပထမ တင်သွင်းလွှာ အမှတ်(၁)က အဓိပ္ပာယ် ဖွင့်ဆိုခိုင်းတာ။ တင်သွင်းလွှာ အမှတ်(၂)ကတော့ ခုံရုံးရဲ့သဘောထားမှတ်ချက်ကို တောင်းဆိုတာ။ အဲဒီတောင်းဆိုမှု နှစ်ခုစလုံးဟာ တင်ပြချက်အရဆိုရင် ခုံရုံးရဲ့ စီရင်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ မရှိတဲ့ အကြောင်းကြောင့်မို့လို့ ပလပ်လိုက်တာပါ” ဟု ဦးအောင်ကြည့်ညွန့်က ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ အမှတ် ၁။ ၂၀၁၉ နှင့် ၂/၂၀၁၉ အဖြစ် တင်သွင်းလာသည့် အထက်ပါ တင်သွင်းလွှာများနှင့် ပတ်သက်၍ ပလပ်ကြောင်း အပြီးသတ် ဆုံးဖြတ်ချက်ကို ဇူလိုင် ၂၇ ရက်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ကြည်ညွန့်က “ဘာမှတော့ အထူးပြောစရာ မရှိဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု အနေအထားနဲ့ ပြောချင်တာက ခုံရုံးရဲ့ သဘောသဘာဟာ တရားရုံး၊ ရာဇဝတ်ရုံးနဲ့ မတူဘူးဆိုတဲ့ အချက်ကိုတော့ ထူးထူးခြားခြား ပြောချင်တယ်။ တရားမရုံးတို့ ရာဇဝတ်ရုံးတို့မှာ ဆိုတာက တရားလို၊ တရားခံဆိုတာ နိုင်သူ ရှိတယ်၊ ရှုံးသူရှိတယ်။ ခုံရုံးရဲ့ သဘောသဘာဝက အဲဒီလိုမဟုတ်ဘူး။ ဥပဒေအရ အငြင်းပွားဖွယ် သံသယဖြစ်ဖွယ် ရှိတဲ့အတွက်ကြောင့်မို့လို့ တင်သွင်းသူက တင်သွင်းတယ်။ တင်သွင်းခြင်း ခံရတဲ့ အကျိုးသက်ဆိုင်သူက လာပြီးရှင်းတယ်။ သူ့အဖြေရဲ့ အဆုံးအဖြတ်က ဘယ်သူက ရှုံးသွားတယ်။ ဘယ်သူက နိုင်သွားတယ် ဆိုတာထက် ဥပဒေမှာ အငြင်းပွားဖွယ် မသဲကွဲတဲ့ အချက်ကို သဲကွဲသွားအောင် စီရင်ထုံး ပြုထားနိုင်တဲ့ ဥပဒေရဲ့ နောင်အဆက်ဆက်မှာ အားကိုးပြုနိုင်တဲ့ စီရင်ထုံးတစ်ခုကို ပြုစုနိုင်တယ်။ လမ်းညွှန်မှုတစ်ခုကို ပြုစုနိုင်တယ်။ အဓိပ္ပာယ်က အဲဒီလိုရှိတယ်။ ဒါကြောင့်မို့လို့ ခုံရုံးမှာ ဘယ်သူကတော့ နိုင်သွားပြီ။ ဘယ်သူကတော့ ရှုံးသွားပြီလို့ သုံးသပ်ရမယ့်ကိစ္စ မဟုတ်ဘဲနဲ့ တင်သွင်းသူရော၊ တင်သွင်း ခံရသူရော၊ ရုံးသဟာယရော အားလုံး ပူးပေါင်းပြီးတဲ့အခါမှာ အငြင်းပွားဖွယ်ဖြစ်တဲ့ သံသယဖြစ်ဖွယ်ဖြစ်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကို နောင်ကိုဒီလို အငြင်းပွားဖွယ် မရှိအောင် ဘယ်လို လမ်းညွှန်မှု ပြုနိုင်မလဲဆိုတဲ့ သမိုင်းအတွက် အထောက်အထားဖြစ်နိုင်တဲ့ စီရင်ထုံးတစ်ခုကို ကောင်းစွာ ပြုစုနိုင်ခဲ့ကြတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတယ်ဆိုတဲ့ အတွေးမျိုးနဲ့ပဲ သုံးသပ်ထား ရှိပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယခုချမှတ်ခဲ့သော အမိန့်သည် အပြီးသတ် အမိန့်ဖြစ်၍ အတည်ဖြစ်သွားပြီ ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

“အပြီးသတ်အမိန့် ဖြစ်သွားပြီ။ ခုံရုံးရဲ့ အမိန့်က အတည်ဖြစ်တယ်။ ပထမက ခုံရုံးရဲ့ အပိုဒ် (၁)က ဘာလဲဆိုရင် အဓိပ္ပာယ် ဖွင့်ဆိုခိုင်းတာ။ အဓိပ္ပာယ် ဖွင့်ဆိုခိုင်းတာက စီရင်ထုံးထဲမှာ အသေးစိတ် ဆုံးဖြတ်သွားတဲ့ အခါမှာ အပြည့်အစုံ အကုန်ပါပြီးသား ဖြစ်တယ်။ ဒါ့ကြောင့် အထူးအဓိပ္ပာယ် ဖွင့်ဆိုစရာ မလိုတဲ့အတွက် ပလပ်လိုက်တာ ဖြစ်တယ်။ ဒုတိယအမှုက ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ နဲ့ ညီညွတ်ခြင်း ရှိ- မရှိဆိုတဲ့ ကိစ္စရပ်ကတော့ ဒါ ခုံရုံးရဲ့ စီရင်ပိုင်ခွင့်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပေးမထားလို့ အရင်စီရင်ထုံးတွေထဲမှာ နှစ်ခု ရှိတယ်။ ဒါ တတိယမြောက် စီရင်ထုံး ဖြစ်သွားပါပြီ” ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

 


READ NEXT
Cancel OK