Top News

ICC အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတစ်နိုင်ငံအပေါ် ICC က တရားစီရင်ပိုင်ခွင့် တောင်းဆိုနေမှုသည် စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပြောကြား
24htopnews | August 25, 2024 5:12 PM CST

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အဖွဲ့ဝင်မဟုတ်သည့် (ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်) နိုင်ငံတစ်နိုင်ငံအပေါ် ICC က တရားစီရင်ပိုင်ခွင့် တောင်းဆိုနေမှုသည် စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ဇူလိုင် ၂၀ ရက်က ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့၌ ကျင်းပသည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရိုဝန်ကြီး အဆင့်အစည်းအဝေးတွင် “အပြည်ပြည်ဆိုင်ရာ ဥပဒေလေးစားလိုက်နာခြင်းဖြင့် ငြိမ်းချမ်းမှု မြှင့်တင်ရေးနှင့် ခိုင်မာတောင့်တင်းအောင် တည်ဆောက်ရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်ဟု  နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

“အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတစ်နိုင်ငံအပေါ် တရားစီရင်ခွင့် ချဲ့ထွင်လာခြင်းသည် စာချုပ်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံအားလုံးအထိ ဂယက်ရိုက်ခတ်လာမည်ဖြစ်ပြီး ကာလကြာမြင့်စွာဖြင့် အခိုင်အမာတည်ရှိလာခဲ့သည့် ဥပဒေပိုင်းဆိုင်ရာမူဝါဒများကိုလည်း စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့်လည်း သွေဖည်သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေတွင် အလွန်အန္တရာယ်ရှိသည့် အစဉ်အလာတစ်ခု ဖြစ်သွားစေမည်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ စာချုပ်များဆိုင်ရာ ကုလသမဂ္ဂ ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၉) တွင် မည်သည့်စာချုပ်မှ ယင်းစာချုပ်အား အတည်ပြုပါဝင်ထားခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ်တွင် အာဏာသက်ရောက်ခြင်းမရှိစေရဟု ရှင်းလင်းစွာ ဖော်ပြထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရိုဝန်ကြီးအဆင့် အစည်းအဝေးကို ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အစိုးရ၏ ဖြေရှင်းဆောင်ရွက် နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲအတားအဆီးများကို ဇောင်းပေးပြောကြားခဲ့ပြီး အချို့သော ကုလသမဂ္ဂအဖွဲ့အစည်းများကို ဝေဖန်သည့် ပြောကြားချက်အချို့လည်း ပါဝင်သည်ကို တွေ့ရှိရသည်။

အချို့ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ပြဿနာအား ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းပေးခြင်းထက် ဝေဖန်အပြစ်ပေးအရေးယူရေးကိုသာ အာရုံစိုက်နေကြပြီး ကုလသမဂ္ဂ၏တာဝန်မှာ ပြဿနာဖြစ်ပွားနေသည့် အသိုက်အဝန်းများကြား စိတ်ဝမ်းကွဲမှု ပိုမိုဖြစ်ပွားလာစေခြင်းထက် ပိုမိုနီးကပ်မှု ရှိလာစေရေးအတွက် ဆောင်ရွက်ပေးရန်သာ ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စသည် မြန်မာအစိုးရ ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအနက် တစ်ခုမျှသာဖြစ်ပြီး ပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေခြင်း မဟုတ်သလို ဘာသာရေးဖိနှိပ်မှုပြဿနာလည်း မဟုတ်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုအတွင်း ဘင်္ဂါလီ ၇၀၀၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး လူ့အခွင့်အရေးချိုး ဖောက်မှုများရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC ) တွင် စစ်ဆေး အရေးယူနိုင်ရေးကြိုးပမ်းမှုများရှိနေပြီး ICC အဖွဲ့ဝင်မဟုတ်သည့်အတွက် လက်ခံမည်မဟုတ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူများနှင့် တပ်မတော်တာဝန်ရှိသူများက တုံ့ပြန်မှုရှိထားသလို ICC အနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍ၊ တပ်မတော်၏ တရားစီရင်ရေးကဏ္ဍတို့အပေါ် အလေးထားရန် လိုအပ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လကုန်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်မဟုတ်သော်လည်း ဒုက္ခသည်များကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သောကြောင့် ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ICC အနေဖြင့် စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည်ဟု တရားသူကြီးများက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထား မှန်ကန်သူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံမည်ဖြစ်ပြီး ပြန်လည်လက်ခံရေးအတွက်လည်း ပြင်ဆင်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်ဟု မြန်မာအစိုးရ တာဝန်ရှိသူက ပြောကြားကြသည်။


READ NEXT
Cancel OK