Top News

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုပါက လက်တွေ့လုပ်ဆောင်ရန်နှင့် အုပ်စုဖွဲ့ပြီး အနိုင်ကျင့်သည့်ပုံစံမျိုး မဖြစ်စေချင်ကြောင်း ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | August 25, 2024 5:12 PM CST

ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ချင်ပါ က လက်တွေ့လုပ်ဆောင်ကြရန်နှင့် အုပ်စုဖွဲ့ပြီး အနိုင်ကျင့်သည့်ပုံစံမျိုး မဖြစ်စေချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

နေပြည်တော်၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီ ၄၅ ဦးကော်မတီပါတဲ့ ပါတီအသီးသီး အစုအဖွဲ့အပေါင်းက တင်လာတဲ့အချက်ပေါင်း ၃၇၀၀ ကျော်ရှိတယ်။ ဒီအစီရင်ခံစာကို ဆွေးနွေးမယ်ဆိုတာကလည်း လူ ၁၀၀ ကျော်လောက်ရှိတယ်။ ဒီဆွေးနွေးမှုသည် ဘယ်လောက်အထိကြာဦးမလဲ။ ဒီဆွေးနွေးမှုအပေါ်မှာ ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ ဥပဒေမူကြမ်း ပြင်ရဦးမယ်။ ဒါလည်း အချိန်ယူရဦးမယ်။ ပြင်ချင်တယ်ဆိုရင် လက်တွေ့လုပ်ကြလေ။ အုပ်စုဖွဲ့ပြီးတော့ အနိုင်ကျင့်တဲ့ ပုံစံမျိုး မဖြစ်စေချင်ဘူး” ဟု ဦးသောင်းအေးက ပြောကြားသည်။

ပါတီအစုအဖွဲ့အသီးသီးပါသည့် ၄၅ ဦးကော်မတီနှင့် အုပ်စုဖွဲ့၍ အခြေခံဥပဒေကို ပြင်သည်ဟုဆိုကာ ဖျက်မည့်လမ်းကြောင်းကို သွားသလားဆိုသည်ကိုလည်း စဉ်းစားစရာ ဖြစ်နေကြောင်း၊ အိမ်တစ်အိမ်လို အမိုးပျက်ပါက အမိုးပြင်နိုင်သော်လည်း အောက်ခြေ အုတ်ဖိနပ်မှ စပြင်မည်ဆိုခြင်းသည် အိမ်ကို ဖျက်လိုက်ခြင်းနှင့် တူနေကြောင်းလည်း ၎င်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သော ပြင်ဆင်(ဖြည့်ရန်)ရန် အချက်ပေါင်း ၃၇၀၀ ကျော်ပါဝင်သော အစီရင်ခံစာကို  ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာနှင့်ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၂၇ ဦး၊ NLD ပါတီမှ ခြောက်ဦး၊ ANP ပါတီမှ ငါးဦး၊ SNLD ပါတီမှ သုံးဦး၊ NUD ပါတီ၊ TNP ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီတို့က တစ်ဦးစီနှင့် တစ်သီးပုဂ္ဂ လလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း ၁၂၅ ဦး ဆွေးနွေးရန် စာရင်းပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး  ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မတီကို ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ၁၈ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင် အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ မွန်အမျိုးသားပါတီ (လက်ရှိတွင် ပါတီ ဖျက်သိမ်း)၊ ‘၀’ ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည်။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်ခဲ့သော်လည်း ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြခဲ့ခြင်းမရှိဘဲ သဘောထားမှတ်ချက် သုံးချက်သာပေးခဲ့သည်။

ယင်းသဘောထားများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ နှင့် ကိုက်ညီ ခြင်းမရှိသောကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်အတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် ထိုသို့ တက်ရောက်စဉ်တွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ယခုပူးပေါင်း ကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စသည်တို့ဖြစ်သည်။


READ NEXT
Cancel OK