Top News

ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ၊ အတိုင်ပင်ခံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကို တရားစွဲဆိုထားသည့် အမှုအတွက် သက်သေအဖြစ် ဒေါက်တာမျိုးအောင်ကိုယ်တိုင် ထွက်ဆိုခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးရမည်
24htopnews | August 13, 2024 12:12 AM CST

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို တရားစွဲဆိုထားသည့်အမှုအတွက် သက်သေအဖြစ် ဒေါက်တာမျိုးအောင်ကိုယ်တိုင် ထွက်ဆိုခဲ့ပြီးလာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၂ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ကျမ်းကျိန်၍ ဒေါက်တာမျိုးအောင်ကိုယ်တိုင် သက်သေခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအားမည်သို့ ဖမ်းဆီးခဲ့သည်ဆိုသောအချက်နှင့် ယင်းနေ့ကဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကိုလည်း ထည့်သွင်းထွက်ဆိုသွားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒေါက်တာမျိုးအောင်၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ အမှုနှင့်သက်ဆိုင်ခြင်းမရှိကြောင်း ဥပဒေအရာရှိက ကန့်ကွက်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ ၎င်းဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သောကိစ္စဖြစ်ကြောင်း ပေါ်လွင်စေရန်နှင့် တရားစွဲဆိုခြင်း ခံထားရသည့်အမှုကို ၎င်းကျူးလွန်နိုင်ခြင်းရှိ၊ မရှိ စဉ်းစားနိုင်မည်ဖြစ်ခြင်းကြောင့် အမှုနှင့်သက်ဆိုင်ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေများက တင်ပြခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နှစ်ဖက်ရှေ့နေများ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ တရားသူကြီးက ဒေါက်တာမျိုးအောင်၏ ထွက်ဆိုချက်သည် အမှုနှင့်သက်ဆိုင်ခြင်းရှိ၊ မရှိ နောက်မှစဉ်စားရမည့်ကိစ္စဖြစ်ပြီး စွပ်စွဲခံရသူကို အခွင့်အရေးအပြည့်အဝ ပေးရမည်ဟုဆိုကာ သက်သေခံခွင့်ပေးခဲ့ကြောင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အစိုးရဝန်ကြီးအဆင့်ဖြစ်ခြင်းကြောင့် ပါတီအလုပ်များကို ၎င်းအနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ပြီး NUG ၊ CRPH တို့အကြောင်းကို သိပါသလားဆိုသည့် ဥပဒေအရာရှိ၏ မေးမြန်းမှုကိုလည်း ၎င်းအနေဖြင့် သိရှိခြင်းမရှိဟု ဒေါက်တာမျိုးအောင်က ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည့် ပြည်သူသို့ပန်ကြားချက်ဆိုသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသောအမှုအတွက် နိုဝင်ဘာ ၁၁ ရက်တွင် ချိန်းဆိုထားသည့်ရုံးချိန်း၌ အပြီးသတ် လျှောက်လဲချက်ပေးရမည်ဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ နိုဝင်ဘာလကုန်တွင် အပြီးအသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် ယနေ့ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ဦးညီညီဆိုသူက တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ပြန်ခေါ်သက်သေများဖြစ်သည့် တရားလိုဦးညီညီ၊ အမှုစစ်ရဲအရာရှိ အပါအဝင် သုံးဦးကိုစစ်ဆေးခဲ့ကြောင်း သိရသည်။   

ပြန်ခေါ်သက်သေများစစ်ဆေးပြီးချိန်တွင် ယခင်ကထွက်ဆိုထားသည့် အပြစ်မရှိကြောင်း ထွက်ဆိုချက်နှင့်ပတ်သက်၍ တရားသူကြီးက မည်သည့်အတွက်ကြောင့် အပြစ်မရှိသနည်းဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာတွင် မကျူးလွန်ခြင်းကြောင့် အပြစ်မရှိကြောင်း ၎င်းကပြောဆိုခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၉ ရက်သို့ ပြန်လည်ချိန်းဆိုထားသည့် ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) နှင့် စွပ်စွဲခံရသူဘက်မှ သက်သေစာရင်း တင်ပြခြင်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။


READ NEXT
Cancel OK