Top News

ASEAN Summit နှင့် PLUS အစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တောင်းဆိုမှုများသည်  ASEAN ၏ စည်းလုံးညီညွတ်မှု၊ ASEAN Centrality၊ ASEAN UNITY  နှင့် ASEAN WAY ပုံရိပ်များကို ထိပါးနေပြီလားဟု  သံသယဖြစ်စရာ တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
24htopnews | August 13, 2024 12:12 AM CST

 ASEAN Summit နှင့် PLUS  အစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တောင်းဆိုမှုများသည် ASEAN ၏ စည်းလုံးညီညွတ်မှု၊ ASEAN Centrality၊ ASEAN UNITY  နှင့် ASEAN WAY ပုံရိပ်များကို ထိပါးနေပြီလားဟု သံသယဖြစ်စရာတွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၂ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယနေ့ ASEAN Summit နှင့် PLUS အစည်းအဝေးများမှာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တောင်းဆိုမှုတွေဟာ ASEAN ၏ စည်းလုံးညီညွတ်မှု၊ ASEAN Centrality၊ ASEAN UNITY  နှင့် ASEAN WAY စတဲ့ ပုံရိပ်တွေကို ထိပါးနေပြီလားဟု သံသယဖြစ်စရာ တွေ့ရပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ဖို့ ကိစ္စမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ ဂျကာတာအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အာဆီယံသဘောတူညီချက် ငါးရပ်အပေါ် ပြည်တွင်းမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့် ဆက်စပ် ၍ အလေးပေးထည့်သွင်း စဉ်းစားသွားမည်၊ ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်၍ အာဆီယံ၏ အဆိုပြုချက်များ ခရီးစဉ်များကို စဉ်းစားသွားမည်။ အာဆီယံ၏ အပြုသဘောပါဝင်ကူညီပံ့ပိုးလိုမှုနှင့် စပ်လျဉ်း၍ အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ရေးနှင့်ပတ်သက်၍လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များ ကြုံတွေ့ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန် ခွင့်ပြုပေးနိုင်မည်မဟုတ်ဟု ယုံကြည်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံ အထူးကိုယ်စားလှယ်ဝင်ခွင့်မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ် ၂၀(၁)၊ အပိုဒ် ၈ (၂)(က) နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါ တယ်” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။       

အာဆီယံနိုင်ငံများသည် အာဆီယံ၏ ပေါင်းစည်းမှုအောက်တွင် စီးပွားရေးဖွံ့ဖြိုးမှု၊ လူနေမှုဘဝတိုးတက်မှုနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်လာအောင်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တိုးမြင့်လာအောင် စည်းလုံးညီညွတ်စွာ ကြိုးပမ်းလျက်ရှိကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကတည်းက ASEAN Centrality၊ ASEAN UNITY  နှင့် ASEAN WAY စသည့် ASEAN ဋိညာဉ်များအတိုင်း Consensus မူ၊ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူ၊ တစ်ခုတည်းသော အာဆီယံမိသားစုစိတ်ဓာတ်များနှင့် လက်တွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ယခုလို ASEAN Centrality၊ ASEAN UNITY  နှင့် ASEAN WAY များအပေါ် ကျော်လွန်ဆောင် ရွက်လာခြင်းသည် မြန်မာနိုင်ငံတစ်ခုတည်းအပေါ်၌ သက်ရောက်မည်မဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများ အပေါ်တွင်လည်း အချိန်ကာလတစ်ခု၊ အခြေအနေတစ်ခုခုတို့တွင် ယခုကဲ့သို့ အာဆီယံပြင်ပ အသိုက်အဝန်း များ၏ လိုရာဆွဲစီမံဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနှင့် သပ်လျှိုမှုများကိုလည်း စည်းလုံးညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်ကြောင်း၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း မျက်နှာထက် ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတိပြုစေလိုသည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။


READ NEXT
Cancel OK