Top News

တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုနှင့် FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုတို့ကို အလေးအနက်  ခံယူပြီး နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုလားကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ သဘောထား ထုတ်ပြန်
24htopnews | August 12, 2024 3:12 PM CST

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ နိုင်ငံရေး ဦးဆောင်မှုတို့ကို အလေးအနက်ခံယူပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုလားကြောင်း သြဂုတ် ၂၉ ရက်တွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ သဘောထား ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့က ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောထား ထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်း ကြေညာခဲ့ပြီး နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသည့် စိတ်ဆန္ဒအပြည့်အဝ ရှိကြောင်း ၎င်းတို့က ဆိုသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KIA အပါအဝင် ၎င်းတို့ သုံးဖွဲ့သည် သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပူးပေါင်း သဘောထား ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းတို့ သုံးဖွဲ့အနေဖြင့် အချိန်ကြာမြင့်စွာ ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေး ပြဿနာကို ငြိမ်းချမ်းသည့် နိုင်ငံရေး နည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသားများ၏ဘဝ လုံခြုံအေးချမ်းအတွက်လည်း အကောင်းဆုံး နည်းလမ်းဟု အခိုင်အမာ အယုံကြည်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာသည်။

အမှန်တကယ် အပစ်အခတ်ရပ်စဲပြီး စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုတို့နှင့်အတူ ၎င်းတို့ကလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ က ကြေညာသည်။

ထို့ပြင် တပ်မတော်နှင့် ၎င်းတို့ သုံးဖွဲ့အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုရလဒ်သည် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ပတ်သက်နေပြီး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းမှု ရရှိအောင် ၎င်းတို့ဘက်မှ အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ကြောင်း အခြားတစ်ဖက်တွင် တပ်မတော်က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကို အလေးမထားခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုများမှာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာဘဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်းလည်း အဆိုပါ လက်နက်ကိုင် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့အား ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုခြင်း၊ တစ်ဖက်သတ် လက်နက် ချခိုင်းခြင်း၊ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ခိုင်းခြင်း စသည့် သွေးခွဲဖိနှိပ် ကန့်သတ်မှုအမျိုမျိုးကို တစ်ဆင့်ချင်းစီ ကျင့်သုံးပြီး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်း အလုပ်မဖြစ်စေရန်နှင့် နှောင့်နှေးကြန့်ကြာစေရန် ဖန်တီးလျက်ရှိကြောင်း တပ်မတော်အနေဖြင့် ၎င်းတို့သုံးဖွဲ့၏ နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက်များကို သေးသိမ်သွားစေရန် ပဏာမအပစ်ရပ်စဲရေး စာချုပ်ဖြင့် ကန့်သတ် ချုပ်ကိုင်ထားသောကြောင့် တွေ့ဆုံမှုများ ခက်ခဲနေသည်ဟု မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် NRPC မှ တစ်ဆင့်ပေးခဲ့သော တပ်မတော်က ရေးဆွဲထားသည့် ပဏာမ အပစ်ရပ်ချုပ်ပါ အချက်များနှင့် အကြောင်းပြချက်များမှာ တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာစေရန်အတွက် အတားအဆီးများ ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့အနေဖြင့် လက်ခံ၍ မရနိုင်သော အကြောင်းအရာများသာ ဖြစ်နေခဲ့ကြောင်းလည်း ၎င်းတို့၏ ပူးပေါင်းသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK