Top News

ရွေးကောက်ပွဲများကို ဘက်လိုက်မှုကင်းစွာ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား
24htopnews | August 12, 2024 3:12 PM CST

ရွေးကောက်ပွဲများကို ချမှတ်ထားသည့် စံငါးချက်နှင့်အညီ ဘက်လိုက်မှုကင်းစွာဖြင့် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

သြဂုတ် ၂၉ ရက်တွင် နေပြည်တော်ရှိ  Horizon Lake View Resort Hotel၌ ကော်မရှင်နှင့် Asian Network for Free Elections (ANFREL)တို့ ပူးပေါင်းကျင်းပသည့် ရွေးကောက်ပွဲဖြစ်စဉ်များတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် ဦးလှသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေး ဆိုသည့် စံငါးချက်နှင့်အညီ ဘက်လိုက်မှု ကင်းစွာ ကျင်းပသွားမည်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်မည်ဟု ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့် ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အဂတိကင်းစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဦးလှသိန်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ချမှတ်ထားသည့် စံငါးချက်အတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ပြီး အမှန်တကယ် ဆောင်ရွက်မှု ရှိ၊ မရှိကို ရလဒ်အ ပေါ်ကြည့်၍ဆုံးဖြတ်ရမည်ဟု လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

“ကျွန်မတို့ အချင်းချင်းကြားထဲမှာ ထိန်းကျောင်းမှု၊ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်သွားမယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲဟာ အောင်မြင်တဲ့ရွေးကောက်ပွဲ၊ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးတွင်လည်း လာမည့်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စံပြဖြစ်အောင် ဆောင်ရွက်မည်ဟု ဦးလှသိန်းက ပြောကြားထားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်း များကို ဇွန်လကုန်မှ စက်တင်ဘာလကုန် အထိ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီအချို့က ဝေဖန်မှု များရှိသော်လည်း လာမည့်အထွေထွေရွေး ကောက်ပွဲကို လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်မည် ဟုကော်မရှင် တာဝန်ရှိသူများက တုံ့ပြန် ထားသည်။

ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လက်ထက်တွင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့၌ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု လေးကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

 

 


READ NEXT
Cancel OK