Top News

နစက ဥက္ကဋ္ဌနှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် ​တွေ့ဆုံ​ဆွေး​နွေး
24htopnews | August 10, 2024 12:12 PM CST

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ သြဂုတ် ၂၉ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဒုတိယအကြိမ်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့​ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း ငြိမ်းချမ်းရေးခြေလှမ်းသစ်ကို စတင်ဖော်ဆောင်ရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့သည် ပထမဆုံးလာရောက်ဆွေးနွေးခဲ့သည့်အဖွဲ့ဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးမှု၌ အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌဘက်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊  ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများပပျောက်ရေးဆိုင်ရာများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့​ကြောင်း သိရသည်။

RCSS ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တင်ပြမှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက နိုင်ငံတော်၏ ပထဝီဝင်အနေအထားအရ အရေးပါမှုနှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်နေသည့်အခြေအနေများ၊  ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သည့်နိုင်ငံ အများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင် ကျင့်သုံးဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများအား နစကဥက္ကဋ္ဌဘက်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်း နစကဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင်စဝ်ဆောင်းဟန်တို့ တက်ရောက်ကြ​ကြောင်း သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK