Top News

ကမ္ဘောဒီးယားနှင့် မြန်မာအကြား ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် နှစ်ထပ်အခွန်သဘောတူညီချက်မူကြမ်းအတွက် သဘောတူညီမှုရရှိရန် နီးကပ်လာ
24htopnews | August 10, 2024 12:12 PM CST

ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုနည်းပါးနေသေးသောကြောင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံစီးပွားရေးခိုင်မာစေရန် နှစ်ထပ်အခွန်သဘောတူညီချက် (DTA) မူကြမ်းအတွက် သဘောတူညီမှုရရှိရန် နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ကမ္ဘောဒီးယားအခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံပြည်တွင်းအခွန်များ ဦးစီးဌာနတို့ သြဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ဖနွမ်းပင်၌ ပထမအကြိမ် DTA ဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် သဘောတူညီချက်မူကြမ်း၌ ပါဝင်သည့် အပိုဒ်အားလုံးကို အသေးစိတ် ဆွေးနွေးခဲ့ပြီး အများစုမှာ သဘောတူညီမှုရရှိခဲ့ရာ ဆက်လက်ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည့် အပိုဒ်အနည်းငယ်သာကျန်တော့ကြောင်း သိရသည်။

ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ လင်ဟန်းက DTA သည် ရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် နိုင်ငံတော်၏ကြီးမားသော ကုန်သွယ်ဖက်များအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“ဒီသဘောတူညီချက်အရ အမြတ်ငွေတွေကို သူတို့နိုင်ငံကို ပြန်ပို့ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အခွန် ၁၀ ရာခိုင်နှုန်းပဲ ပေးဆောင်ရမှာပါ။ သဘောတူညီချက်မရှိရင်တော့ သူတို့အနေနဲ့ အခွန်နုတ်ယူမှု ၁၄ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားက နောက်ထပ်နိုင်ငံတွေနဲ့ DTA သဘောတူညီချက်တွေ ရလာတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ လင်ဟန်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီချက်မူကြမ်း နှစ်ခုကို အရှိန်မြှင့် ဆွေးနွေးလျက်ရှိပြီး ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဝန်ကြီးဌာနတို့ မေ ၁၈ ရက်က တွေ့ဆုံခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန်ဆိုရာဆက်သည် ကုန်သွယ်မှုပမာဏမြှင့်တင်ရန်နှင့် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့်  ဒေသတွင်းဆိုင်ရာနှင့်  နှစ်နိုင်ငံဆိုင်ရာမူဘောင်အတွင်း စီးပွားရေးနှင့် ကုန်သွယ်မှုတိုးတက်ရေးကို ထပ်မံဆွေးနွေးရန် နှစ်ဖက်စလုံးအား မကြာသေးမီက တောင်းဆိုခဲ့သည်။

COVID-19 အကျပ်အတည်းမတိုင်မီ သုံးနှစ်အတွင်း ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၂၀ သာ ရှိခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ်တွင် ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်ကထက် အနည်းငယ်နိမ့်ကျခဲ့သည်။

 


READ NEXT
Cancel OK