ရဟတ်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့်ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၇ တို့အတွက် တရားလိုပြသက်သေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအား စစ်ဆေးခဲ့ကြောင်း အမှုနင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် စက်တင်ဘာ ၅ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ငှားရမ်းခြင်းကိစ္စများ ဆောင်ရွက်မှုအပေါ် အဂတိဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နှင့် ၄၇ တို့အတွက် တရားလိုပြသက်သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။
အထက်ပါအမှုများနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် NLD အစိုးရ လက်ထက်ကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်ပင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများနစ် နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့် ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြ ဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအား စက်တင်ဘာ ၆ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ဦးဝင်းမြင့်သည် စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ်ငါးနှစ်၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဆေးပြီးစီးသွားသည့် အမှုများအတွက် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရကြောင်း သိရသည်။
-
ကလောမြို့ပေါ် ရပ်ကွက်(၆)ခုမှ လူဦးရေ (၄၄၀၀)ကျော်အတွက် အလှည့်ကျစနစ်ဖြင့် သောက်သုံးရေများ ပြန်လည် ဖြန့်ဝေပေးနိုင်
-
အမြန်လမ်းတွင် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းသည့် အလှူကား(၁)စီး တိမ်းမှောက်မှု ထပ်မံဖြစ်ပွား
-
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်
-
ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်
-
ဒညင်းကုန်းဂေါက်ကွင်းအနီးတွင် လမ်းဘေး၌ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေယာဉ်မှ တိုက်မိသဖြင့် ခြောက်ဦးဒဏ်ရာရရှိ