Top News

အာဆီယံနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအား စင်ကာပူဝန်ကြီးချုပ် တိုက်တွန်း
24htopnews | July 27, 2024 10:12 PM CST

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ့တပ်မတော်အား စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်ဟု သိရသည်။

အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကိုးကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် စင်ကာပူအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအပေါ် အလေးအနက် စိုးရိမ်နေဆဲဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်လီက ပြောကြားသည်။

ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် မြင်သာထင်သာရှိသော တိုးတက်မှု မတွေ့ရှိရသည့်အပေါ်တွင် မိမိတို့အနေဖြင့် စိတ်ပျက်မိကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေး၊ ဆွေးနွေးမှုများ ပေါ်ပေါက်လာရေးအတွက် ပံ့ပိုးကူညီရန် အာဆီယံအထူးကိုယ်စား လှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့် မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ် သွားရောက်ရေး အစရှိသည့် ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ ခေါင်းဆောင်များအကြား သဘောတူညီမှုရရှိခဲ့သည်ဟု ယခုနှစ် ဧပြီလထဲတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး စင်တာမှတစ်ဆင့် ပေးအပ်နေခြင်းဖြစ်ကာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းကြောင့် သက်ရောက်မှု ဖြစ်ပေါ်ခဲ့သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း ၁၈၀ ထပ်မံ လှူဒါန်းမည်ဟု ကြေညာခဲ့သည့် အမေရိကန် ပြည်ထောင်စုကိုလည်း ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။

ယင်းထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များနှင့်အတူ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်လည်း တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၂၆ ရက် အစောပိုင်း တွင် ပြုလုပ်ခဲ့သည့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း စင်ကာပူဝန်ကြီးချုပ်က မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အကူအညီပေးရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို စင်ကာပူနိုင်ငံက အခိုင်အမာ ထောက်ခံအားပေးသွားမည်ဟု ၎င်းက ပြော ကြားသည်။

ထို့ပြင် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု နှေးကွေးနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

“ဒါဟာ စည်းမျဉ်းအခြေပြု အဖွဲ့အစည်းတစ်ရပ်အနေနဲ့ မြန်မာပြည်သူတွေ အတွက်ရော အာဆီယံအပေါ် အများယုံကြည် လက်ခံမှုမှာပါ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ မြန်ဆန်ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပြည့် အဝလုပ်ဆောင်သွားဖို့ တပ်မတော်ကို လေးလေးနက်နက် တိုက်တွန်းလိုပါတယ်” ဟုလည်း ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK